ပေါက်ခေါင်း ဧပြီ ၄
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် နွေစပါးစိုက်ပျိုးရေးလျာထားချက်ပြည့်မီကျော်လွန်ရေးနှင့် ရာသီချိန်မီစိုက်ပျိုးပြီးစီးရေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့ကမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဖြိုးသူမောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးမင်းမင်းထွန်းနှင့်ကွင်းဝန်ထမ်းများ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနဦးစီးမှူး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူးနှင့်မြို့နယ်စိုက်ပျိုးရေးကြီးကြပ်အဖွဲ့ဝင်များက တောင်သူများစိုက်ပျိုးထားရှိသည့် နွေစပါးစိုက်ခင်းများသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့များသည် ရေဖြူကျေးရွာရှိ Drum Seeder(မျိုးစေ့ချကိရိယာ)ဖြင့် နွေစပါး(၁၀၀)ဧကစိုက်ပျိုးထားသည်များကို ကွင်းဆင်းကြည့်ရှုကာ တောင်သူများနှင့်တွေ့ဆုံ၍ တောင်သူများ၏လိုအပ်ချက်တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နွေစပါးစိုက်ပျိုးရေးသည်နိုင်ငံ့စီးပွားရေးကိုမြှင့်တင်ပေးသည့် စီမံကိန်းလုပ်ငန်းတစ်ရပ်ဖြစ်ကြောင်းနှင့် နွေစပါးသီးနှံသည်စိုက်ပျိုးအောင်မြင်သည့်သီးနှံဖြစ်ပြီး တောင်သူများအနေဖြင့်လည်း သီးနှံအထွက်နှုန်းတိုးတက်ကောင်းမွန်ရေးကို အလေးထားဆောင်ရွက်ကြပါရန် တိုက်တွန်းမှာကြားခဲ့ကြောင်းသိရသည်။ ပေါက်ခေါင်းမြို့နယ်၌ နွေစပါးစိုက်ပျိုးလျာထားဧက(၁၁၄၁၂)ရှိပြီး ယမန်နေ့အထိ(၁၁၅၂၂)ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)