လက်ပံတန်း ဧပြီ ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများသည် ကလေးလူငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မအူကုန်ရပ်ကွက် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ ယနေ့နံနက် ၉ နာရီက နယ်လှည့်စာကြည့်တိုက် အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကြည်မြတ်နွယ်က ကျောင်းသားလူငယ်များ စာပေဖတ်ရှုခြင်း အလေ့အထကောင်းများရရှိစေရန်၊ လူငယ်တစ်ဦးချင်းစီ၏ ပညာဗဟုသုတတိုးပွားပြီး လိမ္မာယဉ်ကျေးတဲ့ လူငယ်လူရွယ်များဖြစ်လာစေရန်၊ ငယ်စဉ်တည်းက စာပေနှင့်ရင်းနှီးကျွမ်းဝင်ပြီး အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ အနာဂတ်ကို ပုံဖော်ထုဆစ် တည်ဆောက်နိုင်ပြီး တိုင်းပြည်၏ဖွံ့ဖြိုးတိုးတက်မှုတို့ကို အကျိုးပြုနိုင်တဲ့ နိုင်ငံ့ဂုဏ်ဆောင် မျိုးဆက်သစ်များ ဖြစ်လာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြော ဆွေးနွေးပြီး ကျောင်းသားလူငယ်များ လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးအန္တရာယ်မှ ရှောင်ရှားနိုင်ရန် မူးယစ်ဆေးဝါးဆိုးကျိုးများအကြောင်းကိုလည်းကောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ ကလေးငယ်များ သိရှိလိုက်နာနိုင်ရန် Social Media အသုံးပြု၍ နည်းမျိုးစုံဖြင့် စည်းရုံးနေမှုများအား သတိပြုဆင်ခြင်နိုင်ရန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမှတ်(၄၁/၂၂)ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ဥပဒေပါအကြောင်းအရာများကိုလည်း ဟောပြောဆွေးနွေးခဲ့ပါသည်။
ထို့နောက် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်စုဝေနှင်းက ရုပ်ပုံစာအုပ်၊ စက္ကူပြဇာတ်၊ ဘုတ်ပြား ပြဇာတ်များဖြင့် ပုံပြင်ပြောခြင်း၊ ကလေးများနှင့်အတူ ကိုယ်လက်လှုပ်ရှား ဂိမ်းကစားခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ မသန်စွမ်းသူများအခွင့်အရေး၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)