ဒေးဒရဲမြို့၌ နွေရာသီ အခြေခံတင်းနစ် အားကစားသင်တန်းဆင်းပွဲ ကျင်းပ

ဒေးဒရဲ ဧပြီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ဒေးဒရဲတင်းနစ်ကလပ်တို့ ပူးပေါင်း၍မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး၊ အားကစားဆောင်ရွက်ခြင်းဖြင့် လူငယ်များ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေးနှင့် နိုင်ငံတော်က အားထားရသည့် မျိုးဆက်သစ်အားကစားမောင်မယ်များ ပေါ်ထွက်လာရေး အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ နွေရာသီ​အခြေခံ တင်းနစ်အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ညနေ (၄) နာရီက မြို့နယ်တင်းနစ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဒေးဒရဲတင်းနစ်ကလပ်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များနှင့် မြို့နယ်အတွင်းက ထူးချွန်ထက်မြက်သော တင်းနစ်ကစားသမားများ ပေါ်ထွက်လာစေရန် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများက သင်တန်းသား၊ သင်တန်းသူများကို သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ၂၀၂၃ ခုနှစ်၊ မတ်လ (၆)ရက်နေ့ကစတင်၍ သင်တန်းသား၊ သင်တန်းသူ (၂၁)ဦးအား သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း