ကျောက်တံခါး ဧပြီ ၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ကျောက်တံခါး) ပတ္တမြားခန်းမတွင် ယမန်နေ့ညနေ(၄)နာရီက မြို့နယ်ပညာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ရှေးဦးသူနာပြုစနည်း(အခြေခံ)သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းဆင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးအောင်ဆွေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဥက္ကဋ္ဌဦးကျော်ဝင်းအောင်က ရှေးဦးပြုစုခြင်းဆိုင်ရာ အခြေခံသဘောတရား၊ လူမှုဂရုဏာလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရှေးဦးပြုစုခြင်း အခြေခံအသိပညာတတ်မြောက်ပြီး ကျန်းမာရေးအသိပညာဖြင့် မိမိပတ်ဝန်းကျင်အား စနစ်တကျကူညီစောင့်ရှောက်ပြုစုနိုင်စေရန်နှင့် ရပ်ရွာလူထုနှင့် လူငယ်လူရွယ်များ၏ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းရည် ပိုမိုမြင့်မားလာအောင် ကူညီဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းတွင် ထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းကိုပြုလုပ်ပြီး မြို့နယ်ကြက်ခြေနီသူနာတပ်ဖွဲ့မှ အ.ထ.က(ကျောက်တံခါး)ကျောင်းအတွက် ဆေးအိတ်ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါသင်တန်းကို ဧပြီလ(၁)ရက်နေ့မှ (၃)ရက်ထိ နည်းပြဆရာ(၈)ဦးက သင်ကြားပေးခဲ့ပြီး ကြက်ခြေနီလုပ်ငန်းအား စိတ်ပါဝင်စားသူကျောင်းသား/ကျောင်းသူ(၅၀)ဦး တက်ရောက်ကြကြောင်းသိရသည်။
သင်တန်းဆင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ခံများ၊ မြို့နယ်ကြက်ခြေနီသူနာတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အခြေခံပညာအထက်တန်း(ကျောက်တံခါး)ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)