ဇီးကုန်းမြို့နယ်၌ နွေရာသီအခြေခံအားကစားနည်း သင်တန်းဆင်းပွဲပြုလုပ်

ဇီးကုန်း ဧပြီ ၄

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဋ္ဌာန၊ ဇီးကုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဋ္ဌာနမှဖွင့်လှစ်သော နွေရာသီအခြေခံအားကစားနည်း(၅)မျိုး သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက ဇီးကုန်းမြို့နယ် ပြည်သူ့အားကစားကွင်းကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အားကစားမှူးနှင့် အားကစားသင်တန်းသူ သင်တန်းသားများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာသင်တန်းသူလေးများက Physical Fitness Dance ဖြင့်ကပြခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး Physical Fitness Dance အဖွဲ့အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါနွေရာသီအခြေခံအားကစားနည်းသင်တန်းတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ အေရိုးဗစ်၊ ရိုးရာခြင်းနှင့်မြန်မာ့သိုင်းစသည့် အားကစားနည်း(၅)မျိုး၏ အခြေခံနည်းစနစ်များကို မြို့နယ်ပြည်သူ့ အားကစားကွင်းအတွင်း၌ မတ်လ ၁၀ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး၊ မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ အားကစားအခြေခံနည်းစနစ်များကို စနစ်တကျသိရှိနားလည် တတ်မြောက်ပြီး ကျန်းမာကြံ့ခိုင်စေရေး၊ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများများ ပေါ်ထွက်လာစေရေးနှင့် အသင်းအဖွဲ့လိုက် စုပေါင်းဆောင်ရွက်တတ်သော စိတ်ဓာတ်နှင့် အလေ့အကျင့်ကောင်းများရရှိစေရေးတို့အတွက် ရည်ရွယ်၍ သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း အားကစားနှင့်ကာယပညာဦးစီးဋ္ဌာန မြို့နယ်အားကစားမှူး ဒေါ်ထက်ထက်ခိုင်ထံမှ သိရသည်။

တင့်ဆွေ(ပြန်/ဆက်)