ပုလော ဧပြီ ၄
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် အလုပ်နှင့်တန်ဖိုး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးအေးမော်က အလုပ်လုပ်ရာတွင် နည်းမှန်၊လမ်းမှန် ဇွဲလုံ့လထားကာ စေတနာတရားလက်ဝယ်ထား၍ ကြိုးစား ရမည်ဖြစ်ကြောင်း၊ မိမိ၏ မိမိကိုယ်တိုင် ရွေးချယ်ထားပြီး မရောက်မချင်း လျှောက်လမ်းနေရမည် ဖြစ်ကြောင်း၊ မိမိရွေးချယ်ထားသော လမ်းကြောင်း၏ ပြေးလမ်းပေါ်တွင် အကောင်းဆုံး ဖြစ်အောင် ဖန်တီးတည်ဆောက်ရမည် ဖြစ်ကြောင်း၊ သူ့တစ်ပါး၏ ပြေးလမ်းကို လိုအပ်သည်ထက် အာရုံစိုက်နေလျှင် ခရီးဖင့်နေမည်သာဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်အေမီလှိုင်က အလုပ်သည် ကံဖြစ်ကြောင်း၊ မိမိပြုလုပ် လိုက်သော ကာယကံ၊ ဝစီကံ၊ မနောကံသည် မိမိသာ အကျိုးပေးသက်ရောက်မည်ဖြစ်ကြောင်း၊ ကံကောင်းချင်လျှင် အလုပ်ကောင်းရန် ဂရုပြုရမည်၊ အလုပ်ကောင်းလျှင် ကံကောင်းလာမည်ဖြစ်ပြီး တန်ဖိုးရှိသူ ဖြစ်လာမည် ဖြစ်ကြောင်း၊ ရေမြင့် လေမြင့် ကြာတင့်လေ ဆိုသကဲ့သို့ အလုပ်ကြိုးစားလေ ဂုဏ်သတင်းပျံ့နှံလေ၊ ဂုဏ်သတင်းပျံ့နှံလေ အောင်မြင်ပြီး တန်ဖိုးရှိလာလေ ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ပုလောမြိုန့ယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် အသိပညာပေး Talk Show အစီအစဉ်များကို Online မှ တဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
အေးအေးမော်(ပုလော)