ပွင့်ဖြူ ဧပြီ ၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစည်ပင်သာယာဈေးကြီးအား ပွင့်လင်းရာသီကာလ မီးဘေးလုံခြုံစိတ်ချရမှုရှိစေရန်နှင့် ဈေးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် စစ်ဆေးအသိပညာပေးခြင်းကို ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာ၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်း ညွန့်နှင့် တာဝန်ရှိသူများက ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး ဈေးအတွင်း၊ အပြင်ရှိ ဈေးဆိုင်ခန်းများ မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက် ထားရှိသော အထောက်အကူပြု ပစ္စည်းများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိ၊ ဈေးလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိသော (CCTV) ကင်မရာများ ကောင်းမွန်ခြင်း ရှိ/မရှိ၊ ဈေးအတွင်းရှိ သားငါးဈေးဆိုင်ခန်းများ ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုရှိစေရေး စနစ်တကျ ရောင်းချခြင်း ရှိ/မရှိ၊ အများသုံးသန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ထားမှု ရှိ/မရှိ တို့ကို လိုက်လံကြည့်ရှုစစ်ဆေးရာ ဈေးတာဝန်ခံနှင့် ဈေးကော်မတီဝင်များက ပွင့်လင်းရာသီကာလ ဈေးမီးဘေးလုံခြုံရေးနှင့် ဈေးသန့်ရှင်းရေး နေ့စဉ် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက ဈေးဆိုင်ခန်းများအလိုက် တပ်ဆင်အသုံးပြုလျက်ရှိသော လျှပ်စစ်မီးများနှင့် ပတ်သက်ပြီး စနစ်တကျ ကိုင်တွယ်အသုံးပြုကြရန်နှင့် မီးဘေးအန္တရယ်မဖြစ်စေရေး အထူးဂရုပြု ဆောင်ရွက်ကြရန်၊ ဈေးတွင်း၊ ဈေးပြင် သန့်ရှင်းရေး စနစ်တကျလုပ်ကိုင်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပွင့်လင်းရာသီကာလ ဈေးမီးဘေးလုံခြုံရေးနှင့် ဈေးလုံခြုံရေးတို့အတွက် မြို့မစည်ပင်သာယာရေးဈေးကြီးအပါအဝင် စည်ပင်သာယာရေးအဖွဲ့ နယ်နိမိတ်အတွင်းရှိ ကျေးလက်စည်ပင် သာယာဈေး(၄)ခုအား ဈေးတာဝန်ခံများနှင့် ဈေးကော်မတီအဖွဲ့များ ပူးပေါင်းပြီး ညစဉ် ကြပ်မတ်စစ်ဆေးခြင်း၊ ဈေးသူဈေးသားများကို မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်ဆိုင်ရာ ဆင်ခြင်သတိပြုရမည့်အချက်များကို အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ သန့်ရှင်းသပ်ရပ်စွာဖြင့် ဈေးရောင်းဈေးဝယ်ပြုလုပ်နိုင်ရန်အတွက် အပတ်စဉ် ဈေးသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို အရှိန်အဟုန်မပျက် ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )