မင်းလှမြို့၌ မွေးစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

အထက်မင်းလှ ဧပြီ ၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို၌  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  မွေးစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကာကွယ်‌‌ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက တောင်ရပ်ကွက်ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာ ဒေါ်ဇင်မာဝင်းနှင့် ဆရာမများက  မြို့နယ်အတွင်းရှိ မွေးစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီဆုံဆို့၊  ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) ဝက်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေးများအား  ထိုးနှံတိုက်ကျွေးပေးခဲ့ပြီး၊ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။

မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောက်ရှောက်မှုလုပ်ငန်းများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်   ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို   သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)