ငဖဲမြို့နယ်၌ နွေနှမ်း ၇၇၅ ဧကနှင့် နွေစပါး ၅၂ ဧက စိုက်ပျိုးပြီးစီး

ငဖဲ ဧပြီ ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံဆည်၊ ရင်းရှည်ဆည်နှင့် ဆည်ငယ်၊ ကန်ငယ်တို့မှ ပို့လွှတ်သောရေတို့ဖြင့် နွေနှမ်းစိုက်ပျိုးရန် ၇၆၉ ဧက လျာထားခဲ့ရာ ယနေ့တွင် နွေနှမ်း ၇၇၅ ဧကနှင့် နွေစပါးစိုက်ပျိုးရန် ၉၅ ဧက လျာထားခဲ့ရာ ၅၂ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ငဖဲမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်တွင် နွေသီးနှံများအဖြစ် စပါး၊ ပဲ၊ ပြောင်း၊ မြေပဲ၊ နှမ်းများကို အများဆုံးစိုက်ပျိုးလျက်ရှိရာ လယ်မြေများတွင် နွေစပါးစိုက်ပျိုးရန် ဆည်ရေလုံလောက်စွာ မရရှိသည့်အတွက် နွေနှမ်းသီးနှံကို ပိုမိုစိုက်ပျိုးကြကြောင်း၊ မန်းချောင်းရေလှောင်တမံဆည်နှင့် ရင်းရှည်ရေလှောင်တမံဆည်တို့မှ ယခင်နှစ်က နွေစပါးစိုက်ပျိုးရန် ဆည်ရေလုံလောက်စွာပေးဝေနိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် မန်းဆည်အတွင်းသို့ ဆည်ရေဝင်ရောက်မှုနည်းပါးသည့်အတွက် နွေနှမ်းသီးနှံများစိုက်ပျိုးရန်အတွက်သာ ဆည်ရေပေးဝေနိုင်ခဲ့ကာ ရင်းရှည်ရေလှောင်တမံအတွင်းသို့ ဆည်ရေပြည့်ဝစွာ ဝင်ရောက်သည့်အတွက် နွေစပါးသီးနှံစိုက်ပျိုးရန် ဆည်ရေအလုံအလောက်ပေးဝေနိုင်ခဲ့ကြောင်း နှင့် ယခုနှစ် နွေသီးနှံများတွင် နွေနှမ်းကို ပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး သီးညှပ်အဖြစ် နေကြာကို ထည့်သွင်းစိုက်ပျိုးကြကြောင်း သိရသည်။

ယခုနှစ် နွေနှမ်းကို ကျေးရွာအုပ်စု (၁၄)အုပ်စုရှိ ကွင်းပေါင်း (၃၇)ကွင်းတွင် အစိုးရဆည်ရေဖြင့် စမုံနက်နှမ်းမျိုးနှင့် သိပ္ပံနှမ်းနက်မျိုး (၂၇၅)ဧက၊ ဆည်ငယ်၊ ကန်ငယ်၊ မြေအောက်ရေတို့ဖြင့် (၄၉၅)ဧကနှင့် ဆိုလာဖြင့် (၅)ဧက စုစုပေါင်း (၇၇၅) ဧက စိုက်ပျိုးပြီးစီးနေပြီး နွေစပါးကို ကျေးရွာအုပ်စု (၅)အုပ်စုရှိ ကွင်းပေါင်း (၅)ကွင်းတွင် မန်းချောင်းရေလှောင်တမံ (မင်းဆည်)ရေဖြင့် (၁၉) ဧကနှင့် ရင်းရှည်ရေလှောင်တမံဆည်ရေဖြင့် (၃၃) ဧက စုစုပေါင်း ( ၅၂ ) ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ငဖဲမြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံစေရေး၊ စားနပ်ရိက္ခာဖူလုံစေရေးနှင့် သီးသန့်၊ သီးညှပ် စိုက်ပျိုးသီးနှံများအောင်မြင်ဖြစ်ထွန်းစေရေး၊ လျာထားချက်ပြည့်မီစွာ စိုက်ပျိုးပြီးစီးရေးတို့အတွက် ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဦးနေမျိုးနန္ဒ၊ မြိုနယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမြင့်သိန်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးကျော်လင်းထွန်းနှင့်  ကွင်းဝန်ထမ်းများက ကွင်းဆင်း၍ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)