ဘားအံ ဧပြီ ၃
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာ အထက်တန်းကျောင်း(ဘားအံ) တွင် ဖွင့်လှစ်သင်ကြားသည့် သက်မွေးပညာရပ်ဆိုင်ရာ ကာလတိုသင်တန်း အမှတ်စဉ် (၁/၂၀၂၃) အခြေခံကွန်ပျူတာသင်တန်းနှင့် စက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၈ နာရီခန့်က အဆိုပါအထက်တန်းကျောင်းနှစ်ထပ်ကျောင်းဆောင်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ)အနေဖြင့် နည်းပညာနှင့်သက်မွေးပညာကို သင်ယူလိုသူတိုင်းအတွက်လေ့လာသင်ကြားခွင့်ရရှိစေရန် ပုံမှန်သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ဒေသလိုအပ်ချက်နှင့်ကိုက်ညီသော သက်မွေးပညာသင်ယူနိုင်မည့် အခွင့်အလမ်းရရှိစေရေး ဦးတည်ဆောင်ရွက်ရန် ကာလ တိုသက်မွေးသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ အခြေခံကွန်ပျူတာသင်တန်းနှင့် စက်ချုပ်သင်တန်းဆင်းကြမည့် သင်တန်း သား၊သင်တန်းသူများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး ယခင်ကထက်တစ်ဦးချင်းဝင်ငွေပိုမိုမြင့်မားလာမည်ဖြစ်ကာ ဒေသဖွံ့ဖြိုးရေး အတွက်များစွာ အထောက်အကူပြုနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ သင်ယူရရှိခဲ့သည့် အသိပညာ၊ ဗဟုသုတနှင့် ကျွမ်းကျင်မှုများကိုအသုံးချပြီး မိမိတတ်ကျွမ်းသွားသည့်ပညာရပ်များဖြင့် ဒေသ အကျိုး၊ ရပ်ရွာအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အခြေခံကွန်ပျူတာသင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကိုလည်း ကောင်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က စက်ချုပ်သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို လည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်တို့က သင်တန်းဆင်းအောင်လက်မှတ်များကိုလည်းကောင်း၊ ပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူးဦးကျော်စိုးက သင်တန်းနည်းပြများအားဂုဏ်ပြုမှတ်တမ်းလွှာများကို လည်း ကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် သင်တန်းဆင်းသင်တန်းသား၊သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ စက်ချုပ်သင်တန်းသူများကိုယ်တိုင်ချုပ်လုပ် ထားသော သင်တန်းဆင်းလက်ရာများအား ကြည့်ရှုအားပေးခဲ့ကြသည်။
ယနေ့သင်တန်းဆင်းပွဲတွင် အခြေခံကွန်ပျူတာသင်တန်း၌ သင်တန်းသား၊သင်တန်းသူ ၂၅ ဦး နှင့် စက်ချုပ်သင်တန်း၌ သင်တန်းသူ ၂၀ ဦး သင်တန်းဆင်းခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တပတ်လေး ပတ်ကြာ မြင့်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)