ပဲခူး ဧပြီ ၃
ပဲခူးမြို့၊ ဥဿာမြို့သစ်၊ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လေ့ကျင့်ပျိုးထောင်ရေးစင်တာ၌ ယနေ့နံနက်ပိုင်းက သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်မှ ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် လူမှုစီးပွားဘဝမြှင့်တင်ရေး၊ မြို့ပြနှင့်ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး၊ တစ်ဘက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးပွား ရရှိလာစေရေး၊ တစ်ပိုင်တစ်နိုင် အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင်ဆောင်ရွက်လာနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေါ်ပေါက်လာစေရေးရှေးရှု၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ဖို့ စီမံဆောင်ရွက်လျက်ရှိပြီး ယခုလည်းသီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့် ယခုသင်တန်းမှ သင်ကြားပေးလိုက်သည့် နည်းပညာများသည် အလွယ်တကူ လုပ်ငန်းထူထောင်နိုင်သည့် ပညာရပ်များဖြစ်သောကြောင့် မိမိတို့၏မိသားစုဝင်များနှင့် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လာနိုင်မှာဖြစ်ကြောင်း၊ ကိုယ်ပိုင်လုပ်ငန်းထူထောင် လုပ်ကိုင်သူများကိုလည်း မိမိတို့အစိုးရအဖွဲ့မှ ဆက်လက်ကူညီထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း၊ အသေးစားလုပ်ငန်းငယ်များ ပေါများစွာပေါ်ပေါက်လာစေရေးနှင့် ဘေးဥပါဒ်ကင်းသော ထုတ်ကုန်ပစ္စည်းများဖြစ်ပေါ်လာစေရေးအတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးဥပဒေနှင့်အညီ လုပ်ငန်းမှတ်ပုံတင်ပေးခြင်း၊ ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သွင်းကုန်အစားထိုး ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချလာနိုင်မှာဖြစ်သည့်အတွက် မိသားစုဝင်ငွေတိုးပွားရရှိလာမှာဖြစ်သလို တိုင်းပြည်အတွက်လည်း စားသောက်ကုန်ပစ္စည်းများကို ပြည်ပမှမှာယူတင်သွင်းရခြင်း ကင်းဝေးပြီး နိုင်ငံခြားသုံးငွေကိုလည်း လျှော့ချပြီးသားဖြစ်သည့်အပြင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ရှင်သန်ဖွံ့ဖြိုးရေးကိုလည်း အထောက်အကူပြုစေမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများသည် သင်တန်းသား/သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားပြောကြားကာ ခင်းကျင်းပြသထားသော သင်တန်းအထောက်အကူပြုပစ္စည်းများနှင့် လက်တွေ့သင်ကြားပြသနေမှုတို့အား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါ သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းအား ဧပြီလ(၃)ရက်နေ့မှ (၇)နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းသား/ သင်တန်းသူ(၁၅)ဦး တက်ရောက်ကာ သင်တန်းနည်းပြများမှ ဒေသထွက်သီးနှံကုန်ကြမ်းများအပေါ်အခြေခံ၍ ရာသီအလိုက်ရရှိနိုင်သည့် ခရမ်းချဉ်သီး၊ သရက်သီး၊ မရမ်းသီး၊ သံပုရာသီး၊ သင်္ဘောသီးနှင့် နာနတ်သီးစသည့် သီးနှံများကို တန်ဖိုးမြှင့်စားသောက်ကုန်များဖြစ်သည့် ယိုနှင့် ဖျော်ရည်များအဖြစ် ပြုလုပ်နည်းများအပြင် ခရမ်းချဉ်သီးဆော့စ်၊ ဂျယ်လီနှင့် ပြောင်းဖူး ပေါက်ပေါက် ပြုလုပ်နည်းများကိုလည်း ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)