ပိုင်ကျုံ ဧပြီ ၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ အစားအစာဘေးကင်းလုံခြုံစေရန်အတွက် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များ၌ စားသုံးရန်မသင့်သည့် စားသောက်ကုန်ပစ္စည်းများနှင့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများအား ရောင်းချမှုမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ကျန်းမာ ရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာရပ်ကွက်တာဝန်ရှိသူများက စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချရာ၌ ပြည်သူများ အစားအစာဘေးကင်းလုံခြုံစေရန်အတွက် သက်တမ်းလွန်နေသော စားသောက်ကုန် ပစ္စည်းများအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်သည့် စားသုံးရန် မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများနှင့် သက်တမ်းလွန်နေသော စားသောက်ကုန်ပစ္စည့်များအား ဈေးဆိုင်များတွင် ဖြန့်ဖြူးရောင်းခြင်းရှိ/မရှိ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ခြင်းကြောင့် ပြည်သူများအနေဖြင့် အစားအစာဘေးကင်းလုံခြုံစေပြီး စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ ကျန်းမာရေး အာဟာရဖြစ်စေသော စားသောက်ကုန်ပစ္စည်းများ စနစ်တကျ ဝယ်ယူစားသုံးသည့် အလေ့အကျင့်များ ရရှိစေရန်အတွက် မြို့စည်ပင်သာယာရေးအဖွဲ့အပါအဝင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ အစားအစာ ဘေးကင်းလုံခြုံရေးဆိုင်ရာများနှင့် စားသုံးသူအခွင့်အရေးဆိုင်ရာ သိကောင်းစရာများ၊ ဈေးဆိုင်လုပ်ငန်းရှင်များ လိုက်နာရမည့် စည်းကမ်းချက်များကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ကွင်းဆင်းအသိပညာပေးခြင်း၊ တားမြစ်ထားသည့် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း မရှိစေရေး အရှိန်အဟုန်မြှင့် ကြပ်မတ်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)