ပခုက္ကူ ဧပြီ ၃
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို ပခုက္ကူမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရိပ်သာလမ်းရှိပရိယတ္တိဗိမာန် (နှစ်ထပ်စာဖြေဆောင်)၌ မတ်လ ၂၈ ရက်နေ့မှစတင်ပြီး အသီးသီးဖြေဆိုကြရာ ယနေ့တွင် စာဖြေသံဃာတော်များနှင့် သီလရှင်များအားလုံး အေးချမ်းစွာဖြေဆိုပြီးစီးကြကြောင်း သိရသည်။
ပရိယတ္တိသာသနာထွန်းကားပျံ့ပွားစေရန် ရည်ရွယ်၍ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို မတ်လ၂၁ရက်မှ စတင်ကျင်းပလျက်ရှိရာ ပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၈ ရက်မှ စတင်ဖြေဆိုခြင်းဖြစ်ကြောင်း၊ အစိုးရဓမ္မာစရိယစာမေးပွဲမှာ မတ်လ ၃၀ ရက်နေ့တွင် ဖြေဆိုပြီးစီးခဲ့ပြီး ယနေ့ဧပြီလ၃ရက်တွင် ကျင်းပသည့် ပါဠိပထမပြန်စာမေးပွဲ (ပထမကြီး၊ ပထမလတ်၊ ပထမငယ်၊ အခြေပြုမူလတန်း)တို့တွင် ဖြေဆိုမည့် ရဟန်း၊ သာမဏေ၊ သီလရှင်စာရင်းပေါင်း(၂၅၁)ပါးအနက် စုစုပေါင်း(၂၁၀)ပါး ကြွရောက်ဖြေဆိုခဲ့ကြကြောင်း ပခုက္ကူခရိုင်သာသနာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျင်ရွှေထံက သိရသည်။
အဆိုပါစာမေးပွဲကို ပခုက္ကူမြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ဝင်ဆရာတော်များ၊ ဓမ္မာစရိယကြီးကြပ်ရေးဆရာတော်များ၏ အနီးကပ်ကြီးကြပ်တို့မှုဖြင့် ဖြေဆိုကြပြီး စာမေးပွဲများအဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက စာဖြေသံဃာတော်များနှင့်သီလရှင်များ၏ ဝေယျာဝစ္စများနှင့် ကျန်းမာရေးကိစ္စရပ်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)