ဆိပ်ဖြူ ဧပြီ ၃
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်မှ ဒေသခံတောင်သူများယာစိုက်ခင်းများ၌ ဒေသဖရဲသီးများ သီးညှပ်စိုက်ပျိုးခြင်းမှ ဖရဲစေ့များ ယခင်နှစ်ထက်ဈေးပိုရရှိနေကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်ရှိ ဒေသခံတောင်သူများသည် ဒေသဖရဲသီးများကို မွေးမြူထားသည့် ကျွဲ၊ နွား တိရစ္ဆာန်များ နွေရာသီကာလအတွက် အစားအစာ အစိုရှားပါးချိန် ကောက်ရိုး၊ ပြောင်း၊ ပဲမှော်များဖြင့် တွဲဖက်ကျွေးနိုင်ရန် မိုးတွင်းကာလ၌ ယာသီးနှံစိုက်ခင်းများ၌ သီးညှပ် စိုက်ပျိုးခြင်းကို ဆောင်ရွက်ကြသည်။ ထိုဖရဲသီးမှထွက်ရှိသော ဒေသဖရဲစေ့များကို ပြန်လည်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေများရရှိလျက်ရှိကြောင်း၊ ယခုနှစ် ဖရဲစေ့တစ်တင်းလျှင် လေးသောင်းကျပ်အထိ ဈေးရရှိကြောင်း၊ ဒေသဖရဲသီး စိုက်ပျိုးချိန်တွင် မိုးနှောင်းကာလ မိုးရွာသွန်းမှု နည်းခဲ့ခြင်းကြောင့် အသီးနှုန်းကျဆင်းခြင်း ဖရဲစေ့များထွက်နှုန်းကျဆင်းခြင်းကြောင့် ယခင်နှစ်ထက် ဈေးပိုရခြင်း ဖြစ်ကြောင်း၊ တောင်သူများစိုက်ပျိုးသည့် ဒေသဖရဲစေ့ကို ပြည်တွင်းပို့ကုန်အပြင် ပြည်ပပို့ကုန်အဖြစ် တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ကိုဇွဲ(အညာမြေ)