ချောင်းဦး အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၌ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အထူး ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ချောင်းဦးမြို့နယ်တွင် အထူး ရဲတပ် ဖွဲ့ဝင်များ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးသင်တန်း ၁/၂၀၂၀ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်က ချောင်းဦးမြို့ အနော်ရထာခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းအောင်က သင်တန်းအဖွင့် မိန့်ခွန်း ပြော ကြားခြင်း၊ အထူးရဲတပ်ဖွဲ့ဝင်များ ထမ်းဆောင်ရမည့်တာဝန်နှင့် ဆောင်ရွက်ရမည့်လုပ်ငန်းများ အား ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြည်ဖေ၊ မြို့မစခန်းမှူး ဒု-ရဲမှူးအေးထွန်း၊ မြို့နယ်လဝကဦးစီးမှူး ဦးစိုးထွန်းအောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်အောင်မိုး၊ မြို့နယ်ပညာရေးမှူး ဦးစိန်ချွန်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးညိုညိုသန်း တို့တက်ရောက်ကြပြီး၊ သင်တန်းတွင် အထူးရဲသင်တန်းသား (၈၆)ဦး တက်ရောက်ကာ၊ သင်တန်းကာလမှာ ၂၈ရက်ကြာ သင်တန်း ဖွင့်လှစ်ပို့ချ သွားမည်ဖြစ် ကြောင်းသိရသည်။
သင်တန်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စီစဉ်ထား ရှိပြီး၊ အထူးရဲတပ်ဖွဲ့ဝင်များအနေဖြင့် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ချောင်းဦးမြို့နယ်အတွင်းရှိ မဲရုံများ၌ လုံခြုံရေးတာဝန်များ ထမ်း ဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။
အိအိအောင် (ချောင်းဦး)