ကန့်ဘလူ ဧပြီ ၃
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများကို ဧပြီ ၃ ရက်နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ဆန်းက ကျောင်းသားလူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ စသည့်ဗလငါးတန်ပြည်ဝစေရန်နှင့် အသိပညာများပြည့်ဝစေရန် စာပေဖြင့်မြှင့်တင်ပေးရန် လိုအပ်ကြောင်း၊ လူငယ်များ စာကောင်းပေမွန်များ ဖတ်ခြင်းဖြင့် ကောင်းမွန်သောစရိုက်လက္ခဏာ၊ အပြောအဆို၊ အပြုအမူ၊ အတွေးအမြင်များ ပြောင်းလဲပြီး မှန်ကန်တိုးတက်သောပြောင်းလဲခြင်းသို့ ဦးတည်နိုင်မည်ဖြစ်ကြောင်း စသည်ဖြင့် အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့သည်။
ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ပုံ ပြင်ပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရာ ကျောင်းသားကျောင်းသူ ၂၅ ဦးတို့က ပျော်ရွှင်စွာပါဝင်ယှဥ်ပြိုင်ကြပြီး လာရောက် ယှဥ်ပြိုင်ကြသည့် ကျောင်းသားကျောင်းသူများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်တရ လက်ဆောင်အဖြစ် ဗလာစာအုပ်များကို ပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)