ကျိုက်လတ် ဧပြီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ (၇)ဖြတ်လမ်း၊ တိလောက မာရဇိန်ဘုရားကြီးအတွင်းရှိ သာသနာ့ဗိမာန် တွင် ယနေ့နံနက်(၇) နာရီခွဲက ၂၀၂၂ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲ၌ ဖြေဆိုအောင်မြင်သော စာအောင်သံဃာတော်များအား အောင်လက်မှတ် ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး စိတ္တသုခကျောင်းတိုက် ဆရာတော်ဦးစဋိလထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။ ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အလှူရှင်များက မြို့နယ်သံဃနာယက ဆရာတော်များနှင့် စာမေးပွဲ ကြီးကြပ်ရေးဆရာတော်များအား နဝကမ္မအလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ၂၀၂၂ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲ ကျိုက်လတ်မြို့နယ် စာဖြေဌာနတွင် ထူးချွန်စွာအောင်မြင်တော်မူခဲ့ကြသော စာအောင်သံဃာတော် ပထမကြီးတန်း(၆)ပါး၊ ပထမလတ်တန်း (၆)ပါး၊ ပထမငယ်တန်း (၁)ပါး၊ အခြေပြု မူလတန်း(၁၂)ပါးတို့အား စာအောင်လက်မှတ်နှင့် ဂုဏ်ပြုဆုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ ဆရာတော်ကြီးများ၊ စာအောင် သာမဏေများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဂေါပကအဖွဲ့များ၊ မြို့မိ၊မြို့ဖများ၊ အသင်းအဖွဲ့များ၊ အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)