သာယာဝတီမြို့တွင် ဒေသထွက် သံပုရာသီးများ ယခင်နှစ်ကထက် ဈေးကောင်းရ၍ သံပုရာပင် စိုက်ပျိုးသူများအဆင်ပြေ

သာယာဝတီ ဧပြီ  ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ သံပုရာသီးသည် စားသောက်ကုန် အသီးအနှံများတွင် စားသုံးသူများ သုံးစွဲစားသောက်မှုများသည့် အသီးအနှံများတွင် ပါဝင်လျက်ရှိပြီး သာယာဝတီမြို့အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် ရာသီဥတုနှင့် သဘာဝရေမြေအနေ အထားအရ စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မြို့အတွင်း၌ သံပုရာပင် စိုက်ပျိုးဧကပေါင်းများစွာ ရှိပြီး နှစ်စဉ် မိုးရာသီနှင့် နွေရာသီတွင် သံပုရာသီးများစွာ ထွက်ရှိသည့် မြို့တစ်မြို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ သံပုရာပင်မှ သံပုရာသီးများမှာ မိုးရာသီတွင် များစွာသီးသော်လည်း ဈေးနှုန်းမှာ တစ်လုံးလျှင် ငွေကျပ်(၇)ကျပ်မှ (၈)ကျပ်သာရရှိပြီး နွေရာသီတွင် ဈေးနှုန်းပိုမိုရရှိ လျက်ရှိပြီး ယမန်နှစ်က သံပုရာသီးဈေးနှုန်းမှာ အကြီးတစ်လုံးကို (၆၅)ကျပ်သာရရှိပြီး ယခုနှစ်တွင် ယခင်နှစ်ထက် ဈေးနှုန်းပိုမိုရရှိပြီး သံပုရာသီးအကြီးတစ်လုံးလျှင် ငွေကျပ်(၉၅)ကျပ်၊ အငယ်တစ်လုံးလျှင် (၄၅)ကျပ်အထိရရှိပြီး သံပုရာပင် စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများအနေဖြင့် ဝင်ငွေများ ပိုမိုရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

သာယာဝတီမြို့နယ်အတွင်း၌ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် သံပုရာပင်စိုက်ပျိုးဧက ပေါင်းများစွာရှိပြီး အဆိုပါသံပုရာသီးများကို သာယာဝတီမြို့၊‌ သုံးဆယ်မြို့နှင့် ရန်ကုန်မြို့ရှိ သံပုရာအဝယ်ဒိုင်ကြီးများကို တင်ပို့ရောင်းချလျက်ရှိပြီး မြို့နယ်အတွင်းရှိ အဝယ်ဒိုင်များတွင် လည်း ရောင်းချလျက်ရှိကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)