ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မြန်မာစကားပုံဆက်ဂိမ်းကစားနည်းပြုလုပ်

ပခုက္ကူ ဧပြီ ၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉နာရီခွဲအချိန်က မြန်မာစကားပုံးဆက်ဂိမ်းကစားနည်း အစီအစဉ်ပြုလုပ် သည်။

ရှေးဦးစွာ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက “ ကျောင်းသား၊ ကျောင်းသူ(ကလေးငယ်များ)အနေဖြင့် အတန်းပညာရပ်များအပြင် ပြင်ပဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့်လေ့လာသိရှိနိုင် စေရန်၊စဉ်းစားတွေးခေါ်နိုင်စွမ်းအား ပိုမိုတိုးတက်မြင့်မားလာစေရန်၊ ကျောင်းသား၊ ကျောင်းသူအချင်းချင်းကြား စည်းလုံးညီညွှတ် မှုပိုမိုအားကောင်းလာစေရန်” စသည့်ရည်ရွယ် ချက်များဖြင့် ဂိမ်းကစားနည်းပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။

ယင်းနောက် မြန်မာစကားပုံဆက်ဂိမ်းကစားနည်း ဆက်လက်ပြုလုပ်ရာ ပခုက္ကူမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာပါဝင်ကစားခဲ့ကြရာ တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ကြသည်။ ထို့အပြင် ပခုက္ကူခရိုင် ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်းရှိ သုတ၊ ရသဆိုင်ရာ ကလေးပုံပြင်၊ ကဗျာနှင့်ရုပ်ပြစာအုပ်များကို လေ့လာဖတ်ရှုစေခြင်း၊ အခမဲ့ဌာရမ်းပေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)