ကန့်ဘလူ ဧပြီ ၃
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရေးအတွက် လစဥ် လဆန်းပိုင်းရက်များတွင် အသက် ၂ နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ဧပြီ ၃ ရက်နံနက် ၉ နာရီက မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးရာတွင် အသက် ၂ နှစ်အောက်ကလေးငယ်များအား အသက်အပိုင်းအခြားအလိုက် ဝမ်းပျက်ဝမ်းလျောရောဂါ၊ ပိုလီယိုကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ အဆုတ်ရောင်၊ ဦးနှောက်အမြှေးရောင်၊ ဗီတာမင်အေ စသည့်ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးခဲ့ရာ ဧပြီ ၁ ရက်နေ့မှ ယနေ့အထိ ကလေးငယ် ၃၃၄ ဦးခန့်နှင့်ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေး ၅၂ ဦးခန့် ထိုးနှံပေးပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။
ကျန်ရှိနေသော အသက် ၂ နှစ်အောက်ကလေးများနှင့်ကိုယ်ဝန်ဆောင်မိခင်များအား သတ်မှတ် ရက်များအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)