ကယားပြည်နယ်အစိုးရအဖွဲ့မှ ယာယီခိုလှုံရာစခန်းများ၌နေထိုင်ကြသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အခြေခံစားသောက်ကုန်(၄)မျိုးကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

ဘောလခဲ ဧပြီ ၃

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ကယားပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့ပေးပို့လာသော စားသောက်ကုန်(၄)မျိုးကိုယာယီ နေရပ်စွန့်ခွာပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်မြင့်စိုးက အဖွင့်အမှာစကားပြောကြားပြီး ကယားပြည်နယ်အစိုးရအဖွဲ့မှပေးပို့လှူဒါန်းလာသော စားသောက်ကုန်(၄)မျိုးအား ယာယီနေရပ်စွန့်ခွာ ပြည်သူများထံ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်မြင့်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးကျော်မင်းယု၊ အဖွဲ့ဝင်(၂)ဦးစောဧလိယာပေါ၊ အဖွဲ့ဝင်(၃)ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာနမှူးဦးသက်ခိုင်၊ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမင်းဟန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်ထွဋ်အောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက နေရပ်စွန့်ခွာပြည်သူများ လက်ဝယ်အရောက် စားသောက်ကုန်ပစ္စည်း(၄)မျိုးကို ပေးအပ်ခဲ့ကြသည်။

အဆိုပါစားသောက်ကုန်ပစ္စည်း(၄)မျိုးအား ထောက်ပံ့ပေးအပ်ရာတွင် နေရပ်စွန့်ခွာပြည်သူတစ်ဦးလျှင် ရွှေရင်အေးဆန်(၃)ပြည်၊ အိမ်ထောင်တစ်စုလျှင်ဆီ(၅၀)ကျပ်သား၊ ကုလားပဲတစ်ပိဿာ၊ ဆားအစိတ်သား(၁)ထုပ်စီထောက်ပံ့ပေးအပ်ကာ ဘောလခဲမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာအိမ်ထောင်စု(၁၀၃)စု လူဦးရေကျား(၁၉၈)ဦး၊ မ(၂၂၂)ဦး စုစုပေါင်း(၄၂၀)ဦးအတွက် ဆန်(၁၂၆၀)ပြည်၊ ဆီ(၅၁၅)ပိဿာ၊ ကုလားပဲ(၁၀၃)ပိဿာနှင့် ဆား(၂၅၇၅)ပိဿာ စုစုပေါင်းထောက်ပံ့ပစ္စည်းငွေတန်ဖိုးမှာ(၉၈၁၂၀၀၀)ကျပ်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)