ပေါက်ခေါင်း အောက်တိုဘာ ၂
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲဆန္ဒရှင်စာရင်းများ ကို ဒုတိယအကြိမ်အဖြစ် ယမန်နေ့ နံနက်မှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ထုတ်ပြန်ကပ် ထားကြေညာကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင် ခွင့်ရှိသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် အချက်အလက်များ မှားယွင်းနေပါက ပုံစံ-၄(ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်း၊ ဆန္ဒမဲစာရင်းတွင် မိမိအမည် မပါရှိပါက ပုံစံ-၃ ဖြင့် အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊ အခြားဒေသမှ လာရောက်နေထိုင်သူ များအနေဖြင့် ပုံစံ-၃(က)ဖြင့် လျှောက်ထားခြင်း၊ မဲစာရင်းတွင် ပါဝင်ရန်မသင့်သူများ ပါဝင်နေပါက ပုံစံ-၄ ဖြင့် ကန့်ကွက်ခြင်းများကို လျှောက်ထားလာသူများရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်စိစစ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မဲဆန္ဒရှင်စာရင်းများ လာရောက်ကြည့်ရှုရန် အခက်အခဲရှိပါက မဲဆန္ဒရှင်စာရင်း ကြည့်ရှုစစ်ဆေးသည့် Web Application ဖြစ်သော findyourpollingstation.uec.gov.mm တွင် ကြည့်ရှုစစ်ဆေးနိုင်သည့် အပြင် Mobile application ဖြစ်သော findyourpollingstation.apk ကို download ရယူပြီး မဲစာရင်း တွင် မိမိအမည်ပါ/မပါ ကြည့်ရှုစစ်ဆေးကြရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း မေတ္တာ ရပ်ခံ တိုက်တွန်းနှိုးဆော်ထားကြောင်းနှင့် အဆိုပါ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထား ကြေညာခြင်းကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကပ်ထားကြေညာသွားမည်ဖြစ် ကြောင်း မြို့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)