မြိတ် အောက်တိုဘာ ၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စစ်ဆေးချက်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ(၅)ဦး ထပ်မံတွေ့ရှိခဲ့၍ ရောဂါပိုးတွေ့ရှိသူများကို မြိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေး ကုသပေးလျက်ရှိရာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ပြည်သူ့ဆေးရုံမှ သိရသည်။
“ ကျန်းမာရေးအခြေအနေအားလုံးကောင်းပါတယ်။ အရင်လူတွေလိုပဲ ရောဂါလက္ခဏာမပြဘူး။ အခုစမ်း တဲ့အချိန်အထိ ရောဂါပိုးရှိတာတစ်ခုပဲရှိတယ်။ ကျန်းမာရေးကောင်းမွန်ကြပါတယ်” ဟု ဆေးရုံအုပ်ကြီး ဒေါက်တာ သန္တာမျိုးဝင်း က ပြောသည်။
ရောဂါပိုးတွေ့ရှိသူ(၅)ဦးသည် မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး စတင်စစ်ဆေးတွေ့ရှိသူနှင့် ထိတွေ့ခဲ့သူ ၏ မိသားစုနှင့်နံဘေးအိမ်တို့မှဖြစ်ကြကာ Quarantine Center တွင် အသွားအလာကန့်သတ်၍ ကျန်းမာရေးစောင့် ရှောက်ပေးထားသူများဖြစ်ကြပြီး ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ရာမှ ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ရောဂါပိုးတွေ့ရှိသူများနေထိုင်သည့် ကန်ခေါင်းရပ်ကွက် မြိုင်ဟေဝန်လမ်းနှင့် လမ်းသွယ်တစ်ချို့ကို ခရိုင် /မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် အောက်တိုဘာလ(၁)ရက်နေ့မှစတင်ကာ အသွားအလာကန့်သတ်ဆောင်ရွက်ခဲ့ကြပြီး ၄င်းတို့နှင့်ထိတွေ့ခဲ့သူများ ကို Quarantine Center သို့ ပို့ဆောင်ကာ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိသူ(၅)ဦးမှာ အသက်(၄၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် (၂၅)နှစ်အရွယ် အမျိုးသား(၁)ဦး၊ အသက်(၂၃)နှစ်အရွယ်အမျိုးသမီးတစ်ဉီး၊ အသက်(၁၉)နှစ်အရွယ် အမျိုးသမီး တစ်ဦး နှင့် (၄)လသားအရွယ် ကလေးတစ်ဦးပါဝင်ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြိတ်မြို့တွင် ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း(၁၅)ဦးရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိသူများကို ပြည်သူ့ဆေးရုံတွင် ဆေးကုသပေးခဲ့ရာ ကျန်းမာရေးကောင်းမွန်ကြသဖြင့် ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ဆေးရုံဆင်းခွင့် ညွှန်ကြားချက် ဖြင့် (၉)ဦးသည် နေအိမ်ဆင်းခွင့်ရရှိခဲ့ကြကာ Home Quarantine (၇)ရက် နေထိုင်လျက်ရှိကြ၍ (၆)ဦးမှာ ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြပြီး ကျန်းမာရေးကောင်းမွန်ကြကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )