သာပေါင်းမြို့နယ်၌ တောဆင်အန္တရာယ်ကင်းရှင်းရေး ကူညီဆင်ပူးပေါင်းအဖွဲ့ဖြင့် တောထဲသို့ အမြန်ဆုံးမောင်းသွင်းရေး စီမံဆောင်ရွက်

သာပေါင်း ဧပြီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ တောဆင်အန္တရာယ်ကင်းရှင်းရေး ကူညီဆင်ပူးပေါင်းအဖွဲ့ဖြင့် တောထဲသို့အမြန်ဆုံးမောင်းသွင်းရေး ယမန်နေ့ ဧပြီလ ၂ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ပြည်အေးခန်းမ၌  တွေ့ဆုံ၍ စီမံဆောင်ရွက်ကြသည်။
တောဆင်အန္တရာယ်ကြောင့် အသက်ဆုံးရှုံးမှုများ၊ နေအိမ်အဆောက်အဦများ ဖျက်ဆီးခံရမှုများရှိနေသဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်တို့က မြို့နယ်သစ်တောဦးစီးမှူးဦးဝေဖြိုး၊ မြို့မရဲစခန်းမှူးဒုရဲမှူးဝင်းနိုင်ဦး၊ သစ်တောရဲဒုရဲမှူးစိုးမိုးကျော်တို့နှင့် တွေ့ဆုံစီစဉ်ကြပြီး ဆင်များတောတွင်းထဲသို့ ပြန်လည်မောင်းသွင်းရေး ငွေဆောင်ဆင်စခန်းမှ ကူညီဆင်(၂)ကောင်၊ ကျားခေါင်းကင်မွန်းချဥ်ဆင်စခန်းမှ ကူညီဆင်(၁)ကောင်ပေါင်း(၃)ကောင်နှင့် ပူးပေါင်းအဖွဲ့ဖြင့် အမြန်ဆုံးမောင်းသွင်းရေး စီမံဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)