နတ်မောက်မြို့နယ် မြို့မရပ်ကွက်၌ ဆူကာဘိုကာရှီပြုလုပ်နည်း လက်တွေ့သရုပ်ပြ

နတ်မောက် ဧပြီ ၃

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက သဘာ၀မြေဩဇာများ တိုးချဲ့သုံးစွဲလာနိုင်ရေး သဘာ၀မြေဩဇာများကို အီးအမ် နည်းပညာဖြင့် အမျိုးမျိုးအသုံးပြုလာနိုင်ရေးအတွက် ဆူကာဘိုကာရှီပြုလုပ်နည်း တောင်သူအသိပညာပေး လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့က မြို့မ ရပ်ကွက်၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆူကာဘိုကာရှီပြုလုပ်ရာတွင် အီးအမ်အပြင်း၊ ဖွဲနု၊ နွားချေး၊ စပါးခွံ၊ တင်လဲရည်များဖြင့် ပြုလုပ်ရခြင်းဖြစ်ပြီး  တောင်သူများအတွက် အလွယ်တကူ ဆောင်ရွက်နိုင်၍ အကျိုးဖြစ်ထွန်းစေတဲ့ သဘာ၀မြေဆွေးဖြစ်ပါကြောင်း၊    သီးနှံအမျိုးအစားအလိုက် ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်ရာတွင် ယခုအခါ၌ ဓာတ်မြေဩဇာ စျေးနှုန်းကြီးမြင့်နေခြင်းနှင့် သီးနှံအထွက်နှုန်း တိုးတက်ရေးအတွက် ဓာတ်မြေဩဇာများစွာ အသုံးပြုပါက သဘာ၀ပတ်ဝန်းကျင် နှင့် ဇီ၀လည်ပတ်မှုစနစ်များကို ပျက်စီးစေပြီး စိုက်ပျိုးနေသော မြေဆီဩဇာများကို လျင်မြန်စွာ လျော့ကျ၍ ရောဂါပိုးမွှားများ ပိုမိုများပြားလာနိုင်ကြောင်း၊ တစ်ဧကအထွက်နှုန်း တိုးတက်ရေး တစ်ဧက အကျိုးအမြတ်များစွာရရှိရေးနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေး စနစ်ကို  ဖော်ဆောင်နိုင်ရန် သဘာ၀မြေဩဇာပြုလုပ်သုံးစွဲနည်းသည် အရေးပါတဲ့ကဏ္ဍဖြစ်လာသည့်အတွက် ကြောင့် တောင်သူများအား ဆူကာဘိုကာရှီ ပြုလုပ်နည်းများ၊ အီးအမ်မြေဆွေးပုံများပြုလုပ်သုံးစွဲခြင်း၊ သဘာ၀ မြေဩဇာများ အမျိုးမျိုးချဲ့ထွင်သုံးစွဲခြင်း လုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် တောင်သူ အသိပညာပေး လက်တွေ့သရုပ်ပြဆောင်ရွက် လျက်ရှိပါကြောင်း စိုက်ပျိုးရေးဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချို့ ထံက သိရသည်။

မူမူစန်း