ငဖဲ ဧပြီ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပ အသိပညာဗဟုသုတ တိုးပွားစေရန်၊ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် လူငယ်ရေးရာ အကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ယနေ့နံနက် ၈ နာရီက ပေကုန်းကျေးရွာ ကန်လယ်မင်းကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ် ပေကုန်းကျေးရွာ ကန်လယ်မင်းကျောင်းတိုက်ဆရာတော် ဦးခမာဝုဓ က အမှာစကား မိန့်ကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုသိန်း က နယ်လှည့် အသိပညာပေး လှုပ်ရှားဆောင်ရွက်မှု အခြေအနေများ၊ လူတို့တွင်ပြည်စုံရမည့် ဗလငါးတန် (စွမ်းအားသတ္တိငါးပါး)ရှိပြီး ၎င်းတို့မှာ ကာယဗလ၊ဘောဂဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဉာဏဗလတို့ဖြစ် ကြောင်း၊ ဗလငါးတန်နှင့် ပြည့်စုံသူများဖြစ်လာကြစေရန်အတွက် ကျောင်းသား၊ ကျောင်းသူ လူငယ် မောင်မယ်များအနေဖြင့် အစဉ်ကြိုးစား ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ဗလငါးတန်ဆိုင်ရာ သိကောင်းစရာများနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို လည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဟန်နီထွန်း က ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးသူငယ်အခွင့် အရေးဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်း တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ပြောကြားခဲ့သည်။
ဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ယု(ငဖဲ)