ပွင့်ဖြူမြို့နယ် ကုလားဟောင်းကျေးရွာတွင် ကျေးလက်ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

ပွင့်ဖြူ ဧပြီ ၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသခံကျေးလက်နေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ကျေးလက်ရေပေးဝေရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ကုလားဟောင်းကျေးရွာရှိ ကျေးလက်ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအား ရေရှည်တည်တံ့ကောင်းမွန်စေရန်အတွက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သွားရောက်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် ကုလားဟောင်းကျေးရွာရှိ ဒေသခံပြည်သူများ ရာသီမရွေး သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရန်အတွက် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဌာနခွင့်ပြုရန်ပုံငွေဖြင့် လေးလက်မ စက်ရေတွင်းနှင့် ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ထားရှိမှုနှင့် ကျေးရွာနေပြည်သူများ ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် အိမ်တိုင်ရာရောက် ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးရာ ကျေးရွာရေပေးဝေရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များက ကျေးရွာအတွက် ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် စက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်းများ ရေရှည်တည်တံ့ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ထားမှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးလက်ရေပေးဝေရေးလုပ်ငန်းများ ရေရှည်အသုံးပြုနိုင်ရန်နှင့် သောက်သုံးရေ လေလွင့်ဆုံးရှုံးမှု မဖြစ်စေရေး စနစ်တကျ ဝိုင်းဝန်းပူပေါင်း ထိန်းသိမ်းဆောင်ရွက်ကြရန်၊ ရေပေးဝေရေးလုပ်ငန်းနှင့် ပတ်သက်ပြီး ပြုပြင်ထိန်းသိမ်းရသည့်အခါ၌ ဘဏ္ဍာငွေ အဆင်ပြေစွာ သုံးစွဲနိုင်ရေး သင့်တင့်မျှတသော ရေခွန်ခများ ကောက်ခံသွားရေးလုပ်ငန်းများကို ဆွေးနွေးမှာကြားကာ ကျေးရွာအတွင်း အိမ်တိုင်ရာရောက် ရေပေးဝေနေမှုများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။  

ပွင့်ဖြူမြို့နယ် ကုလားဟောင်းကျေးရွာသည် အိမ်ခြေ ၂၅၈ အိမ်၊ လူဦးရေ ၁၁၁၁ ဦး နေထိုင်လျက်ရှိကာ ဒေသခံပြည်သူများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို အဓိက စီးပွားဖြစ် လုပ်ကိုင်ကြကြောင်း သိရသည်။ ကျေးရွာနေပြည်သူများ လူနေမှုဘဝ မြင့်မားရေးနှင့် သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဌာနခွင့်ပြုရန်ပုံငွေဖြင့် မြေအောက်အနက်ပေ ၃၈၀ ပေ လေးလက်မ စက်ရေတွင်းနှင့် ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ပေးခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာပြည်သူလူထုမှ သောက်သုံးရေ အဆင်ပြေစွာ ရယူသုံးစွဲနိုင်ရေး ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် အိမ်တိုင်ရာရောက် ရေပိုက်လိုင်းတပ်ဆင်ခြင်းလုပ်ငန်းများကို ထည့်သွင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယခုအခါ ကျေးရွာရှိ စက်ရေတွင်းမှာ ကြံ့ခိုင်ကောင်းမွန်လျက်ရှိပြီး သောက်သုံးရေ ဖူလုံစွာ သုံးစွဲခွင့်ရရှိ၍ အဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)