ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲအခမ်းအနား ကျင်းပ

မကွေး ဧပြီ ၂

မကွေးတိုင်းဒေသကြီး အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တုရောင်းဝယ်သူများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တိုင်းဒေသကြီးအတွင်းရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်များနှင့် ရွှေလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ဆွေးနွေးပွဲအခမ်းအနားတွင် တိုင်းဒေသကြီး အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တုရောင်းဝယ်သူများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကြည်မြင့်က အဖွင့်အမှာစကား ပြောကြားရာ တွင် ငွေကြေးခဝါချမှုဆိုသည်မှာ ပြစ်မှုကျုးလွန်ရာမှ ရရှိသည့် ပစ္စည်း၊ ငွေကြေးနှင့် အကျိုးအမြတ် များကို တရားဥပဒေမှ အရေးယူခြင်းမှ ရှောင်ရှားနိုင်ရန်နှင့် တရားဝင်ငွေကြေးအဖြစ် ထင်မှတ်စေရန် မိမိတို့မူလပိုင်ဆိုင်မှု တည်နေရာ ပုံပန်းသဏ္ဍာန်များအား ဖုံးကွယ်ရန်(သို့) အသွင်ပြောင်းလဲရန် ရည်ရွယ်ပြီး ပြောင်းလဲခြင်း(သို့) လွှဲပြောင်းခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုထားပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ငွေကြေးခဝါချမှုနှင့်စပ်လျဉ်း၍ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ငွေကြေးခဝါချမှုများအား တားဆီးကာကွယ်ဖော်ထုတ်နိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေ ပြဌာန်းဆောင်ရွက်လျက်ရှိကာ နိုင်ငံတကာသဘောတူစာချုပ်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင် အဖွဲ့အစည်းဖြင့် ပါဝင်ဆောင်ရွက်ခြင်းနှင့် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေကို (၁၄.၃.၂၀၁၄) ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၁၁)ဖြင့် ပြဌာန်းခဲ့ပြီး ဥပဒေပါပြဌာန်း ချက်များအား ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ (၃၀.၉.၂၀၂၁)ရက်စွဲပါ အမိန့်ကြေညာစာအမှတ်(၃၁၇/၂၀၂၁)ဖြင့် အဖွဲ့ဝင်(၁၅)ဦးဖြင့် ဖွဲ့စည်းကာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဆွေနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ထူးတို့က အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တုရောင်းဝယ်သူများဆိုင်ရ ညွှန်ကြားချက်များနှင့် AML/CFT ဆိုင်ရာကိစ္စရပ်များ၊ အသိအမှတ်ပြုမှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်းဆိုင်ရာများအား ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။

ထို့နောက် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၊ ဒုရဲမှူးကြီး အောင်ကျော်စိုးက ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေများအား ဆွေးနွေးခြင်း၊ တိုင်းဒေသကြီးအထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်အောင်က ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ တာဝန် ဝတ္တရားများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းနောက် တိုင်းဒေသကြီး အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တုရောင်းဝယ်သူများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့၊ တွဲဖက် အတွင်းရေးမှူးက သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ခဲ့ရာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်များနှင့် ရွှေလုပ်ငန်းရှင်များ ကိုယ်စားလှယ်များမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

ကိုစည်သူ(မကွေး)