ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး မြောင်းမြမြို့၌ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာပေးသင်တန်းသို့တက်ရောက် အမှာစကားပြော

မြောင်းမြ  ဧပြီ  ၂

ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်သည် မြောင်းမြမြို့ မြစိမ်းရောင်တောင်ပေါ်၌ ကျင်းပပြုလုပ်သည့် တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာပေးသင်တန်းသို့ ယနေ့နံနက် ၈:၃၀ အချိန်က တက်ရောက်အမှာစကား ပြောကြားသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အမှာစကားပြောကြားရာတွင် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာနေထိုင်ပြီး မိမိတို့ရဲ့ ယဥ်ကျေးမှုဓလေ့ထုံးတမ်းများကို ထိန်းသိမ်းစောင့်ရှောက်ကြရန်၊ စာပေ စကားများကိုလည်း ပညာရေးမူဝါဒ မထိခိုက်စေဘဲ သင်ကြား သင်ယူကြရန်၊ တိုင်းရင်းသားများရဲ့ လူမှုစီးပွားဘဝ ဖွံဖြိုးတိုးတက်စေရန် စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရှင်များနှင့် ဆက်သွယ်ပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။  ထို့နောက် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးစိုးထွန်းက ဆက်လက်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တိုင်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းဆောင်ရွက်ချက်များအားလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှု ဦးစီးဌာနမှ တိုင်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက ဌာနလုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားပါသည်။

ထို့နောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများအား အမှတ်တရ လက်ဆောင်များပေးအပ်ပါသည်။ ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တိရစ္ဆာန်အပင်များအား တိုင်းရင်းသားရေးရာဝန်ကြီးထံ လွှဲပြောင်းပေးအပ်ပြီးနောက် အမှတ်တရလက်ဆောင် ပေးအပ်သည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်မိုးဝင်းက စပါးအထွက်နှုန်း တိုးတက်စေရန်နည်းလမ်းများ၊ ဓာတ်မြေသြဇာကို အချိန်ကိုက်အချိုးကျ စနစ်တကျ အသုံးပြုတတ်ရန်၊ နေကြာသီးနှံစိုက်ပျိုးရေး၊ အိမ်တွင်းဟင်းသီးဟင်းရွက်မျိုးစုံစိုက်ပျိုးရေးစသည့် စိုက်ပျိုးရေးနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက် သင့်သည်များကိုလည်းကောင်း၊  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာ ဒေါ်ဖြူဖြူဝင်းနှင့် မြို့နယ်ဦးစီးမှူးတို့က ကူးစက်ရောဂါ ကာကွယ် ထိန်းသိမ်းရေး၊ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းနည်းပညာများ၊ မြက်ချဥ်ပတ် ပြုလုပ်နည်းများကို လက်တွေ့ သင်ကြားပြသခဲ့ပြီး တိရစ္ဆာန်အစာပင် ( ၇၈၀) ကို တောင်သူများ ဖြန့်ဖြူးပေး၍လည်းကောင်း၊  ဒေသသုတေသနဗဟိုဌာန၊ (မြောင်းမြ)မှ တာဝန်ခံ ဒေါ်ဖြူပြာလွင်က ဒေသနှင့်သင့်လျော်သည့် မျိုးကောင်းမျိုးသန့် ထုတ်လုပ်နည်းများ၊ သဘာဝမြေသြဇာ ပြုလုပ်နည်းများ ကိုလည်းကောင်း အသီးသီး ပညာပေး ဟောပြောသင်ကြားပြသပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို တောင်သူ ၁၆၅ ဦးတက်ရောက်၍ စိတ်ပါဝင်စားစွာ တက်ရောက်နားထောင် သင်ယူခဲ့ကြောင်းသိရသည်။

မြောင်းမြ (ပြန်ဆက်)