ငဖဲမြို့နယ်တွင် နွေစပါးသီးနှံများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းရေးအတွက် ရင်းရှည်ရေလှောင် တမံဆည်မှဆည်ရေ ဒုတိယအကြိမ်ပေးဝေ

ငဖဲ ဧပြီ ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ရင်းရှည်ကျေးရွာအတွင်းရှိ ဆည်ရေသောက် တောင်သူများအနေဖြင့် ယခုနှစ်နွေရာသီတွင် နွေစပါးသီးနှံများ စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးပြီး သီးနှံများ အောင်မြင်ဖြစ်ထွန်းစေရန်အတွက် ရင်းရှည်ရေလှောင်တမံဆည်ရေတံခါးမှ ၁ လက်မ ဖွင့်၍  (၁)Cusec ဖြင့် ယနေ့ နံနက် ၆ နာရီမှစတင်၍ ဒုတိယအကြိမ် ဆည်ရေ စတင်လွှတ်ပေးလျက်ရှိကြောင်း သိရသည်။

ငဖဲမြို့နယ် ရင်းရှည်ရေလှောင်တမံဆည်မှ ရင်းရှည်ကျေးရွာအုပ်စု ကွင်းအမှတ် ဘောဂကွင်းရှိ နွေစပါးစိုက်ပျိုးရန် ပျိုးထောင်ရေကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့နံနက်ပိုင်းမှစ၍ ရေပေးဝေခဲ့ပြီး စိုက်ကွင်းများသို့ရေလုံလောက်စွာရရှိသည့်အခါ မတ်လ ၁၂ ရက်နေ့တွင် ရေပိတ် လိုက်ကြောင်း၊ ယခုအခါ နွေစပါးပင်များ အစိုဓာတ်ပြန်လည်လုံလောက်စွာ ရရှိစေရန်အတွက် ဒုတိယအကြိမ် ဆည်ရေပေးဝေခြင်းဖြစ်ကြောင်း ငဖဲမြို့နယ် ရင်းရှည်ရေလှောင်တမံဆည်မှ တာဝန်ခံ SAE ဦးခိုင်ထွန်း ထံမှ သိရသည်။

ငဖဲမြို့နယ်အနေဖြင့် ယခင်နှစ်က အစိုးရဆည်ရေ၊ဆည်ငယ်၊ကန်ငယ်၊ မြေအောက်ရေတို့ဖြင့် နွေစပါး ၉၅၅ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင်  ရင်းရှည်ရေလှောင်တမံဆည်ရေဖြင့် နွေစပါး ၉၅ ဧက စိုက်ပျိုးနိုင်ရန် လျာထားထားရာ ယနေ့ထိ နွေစပါး ( ၃၃  )ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း၊ မန်းချောင်းရေလှောင်တမံဆည်မှ ဆည်ရေသောက်လယ်များတွင် နွေစပါး (၁၉)ဧက စိုက်ပျိုးပြီးစီး နေပြီဖြစ်ကြောင်းနှင့် လျာထားချက်ပြည့်မီရေးအတွက် နွေစပါးများဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

 မယု(ငဖဲ)