ငါးသိုင်းချောင်းမြို့၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း ဆောင်ရွက်

ငါးသိုင်းချောင်း ဧပြီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ငါးသိုင်းချောင်းမြို့ ကြက်ခြေနီအသင်းခွဲ(ငယ်)တို့ ပူးပေါင်း၍ ကြက်ခြေနီအမှု‌ဆောင်များ၊ တပ်ဖွဲ့ဝင်များ စုပေါင်းကာ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လှူဒါန်းသည့် မီးဘေးထောက်ပံ့ရေးပစ္စည်းများကို ငါးသိုင်း‌ချောင်းမြို့၊ ဒေါင်ကြီးဘက်ကျေးရွာအုပ်စု၊ သရက်ချောင်းအထက်စုကျေးရွာရှိ ဩဘာသာရာမကျောင်းတိုက်တွင် မီးဘေးသင့်ပြည်သူများအား ယမန်နေ့ညနေက လာရောက်ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။

အခမ်းအနား၌ ရေကြည်မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးလှရှိန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရေကြည်မြို့နယ် ကြက်ခြေနီ မြို့နယ်တပ်ဖွဲ့မှူး ဒေါ်သန်းသန်းမြင့်နှင့် ငါးသိုင်းချောင်းမြို့ ကြက်ခြေနီအသင်းခွဲ(ငယ်)ဥက္ကဋ္ဌ ဦး‌မောင်မောင်အေးတို့က မီးဘေးသင့်ပြည်သူများကို အားပေးစကားပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။

ထိုနောက် မီးဘေးအန္တရာယ်ကျရောက်ခဲ့သည့် အိမ်ခြေ(၆)လုံး၌ နေထိုင်ကြသော လူဦးရေစုစုပေါင်း(၂၆)ဦးတို့ကို ဆောက်လုပ်‌ရေးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ မိသားစုသုံးပစ္စည်းများ၊ အမျိုးသမီးသုံးသန့်ရှင်းရေးပစ္စည်းများ၊ မိသားစုတစ်ကိုယ်ရည်သုံးသန့်ရှင်းရေးပစ္စည်းများနှင့် ၁၀လီတာဝင် ရေသန့်ပုံးများစသည့် မီးဘေးထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြ‌ကြောင်း သိရှိရပါသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)