ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင် လွိုင်ကော်မြို့ မိုးကောင်းဘုရားကြီး နှင့် နောင်ယားကန်သာ ၊ မင်းကျောင်းကန်သာတို့၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများအား ကြည့်ရှုအားပေး

လွိုင်ကော် ဧပြီ ၂

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် အပတ်စဉ် (စနေနေ့) စုပေါင်းသန့်ရှင်းရေးကို ယမန်နေ့နံနက်ပိုင်းတွင် ပြည်နယ်အတွင်းရှိ ဘုရားစေတီများ ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ ၊ ဌာနဆိုင်ရာရုံးများ ၊ ဝန်ထမ်းအိမ်ရာများ ၊ စာသင်ကျောင်းများနှင့် အများပြည်သူ အသုံးပြုသည့်နေရာများ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် နှင့် တာဝန်ရှိသူများက လွိုင်ကော်မြို့  မိုးကောင်းဘုရားကြီး ပရိဝုဏ်အတွင်း အများပြည်သူများ စိတ်ကြည်နူးအေးချမ်းစွာဖြင့် ဖူးမျှော်ကြည်ညိုနိုင်ရေးနှင့် ဘာသာရေးဆိုင်ရာလုပ်ငန်းများကို စိတ်ချမ်းမြေ့စွာဖြင့် ကုသိုလ်ပြုဆောင်ရွက်နိုင်ရေးတို့အတွက် ဌာနဆိုင်ရာအသီးသီးရှိ ဝန်ထမ်းများနှင့်ပြည်သူများက ဆီမီးခုံများ ၊ တန်ဆောင်းများနှင့် ဘုရားစေတီများ အတွင်းသန့်ရှင်း သာယာလှပစေရန် အမှိုက်များရှင်းလင်းခြင်းတို့ဖြင့်  စုပေါင်းကုသိုလ်ပြု သန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့က နောင်ယားကန်သာ နှင့် မင်းကျောင်းကန်သာသို့ သွားရောက်ပြီး ပြည်သူများစိတ်အေးချမ်းသာစွာ အပန်းဖြေအနားယူနိုင်ရေးအတွက် ကန်ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ နားနေဆောင်ပြုပြင်ဆောင်ရွက်ခြင်း ၊ ပန်းအလှပင်များပုံဖော်စိုက်ပျိုးခြင်း ၊ အမှိုက်များရှင်းလင်းခြင်းဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွန်မှာကြားခဲ့ကြောင်း သိရှိရသည်။

အလားတူ ပြည်နယ်အတွင်းရှိ ဘောလခဲ ၊ ဖားဆောင်း နှင့် မယ်စဲ့မြို့နယ်များတွင်လည်း  စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဌာနဆိုင်ရာအသီးသီးရှိ ဝန်ထမ်းများနှင့် ပြည်သူများက စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း သိရသည်။

 ခရိုင်(ပြန်/ဆက်)