ငလျင်ဘေးအန္တရာယ် အကြောင်းသိကောင်းစရာ(Talk Show )ပြုလုပ်

လွိုင်ကော် ဧပြီ ၂

လွိုင်ကော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယမန်နေ့မွန်းလွှဲ ၃ နာရီအချိန်က ငလျင်ကြောင့် ဖြစ်ပေါ်သောဘေးအန္တရာယ်နှင့် ပတ်သက်ပြီး အများပြည်သူမှတ်သား လိုက်နာတတ်စေရန်ရည်ရွယ်၍ ငလျင်ဘေးအန္တရာယ် အကြောင်း သိကောင်းစရာ(Talk Show )ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် လွိုင်ကော်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာမြင့်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယားပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဗထူးတင့်နှင့် ပြည်နယ်မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းလင်းကျော်တို့မှ ပါဝင်ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ (Talk Show)တွင် မြေငလျင်၏အဓိပ္ပာယ်၊ မြန်မာနိုင်ငံတွင် မြေငလျင်လှုပ်ရှားမှု ဖြစ်ပေါ်စေသော အကြောင်းအရင်းများ၊ မြန်မာနိုင်ငံရှိ ပြတ်ရွေ့ကြောကြီးများ၊ မြန်မာနိုင်ငံတွင် လှုပ်ခဲ့သည့် ထင်ရှားသောငလျင်များ၊ ငလျင်နှင့်ကယားပြည်နယ် အခြေအနေ စသည်တို့ကို ပြည်နယ်မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးမှလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ရည်ရွယ်ချက်များ၊ ငလျင်အတွက် ကြိုတင်ပြင်ဆင်ရန်များ၊ ငလျင်လှုပ်နေစဉ်တွင် လိုက်နာရမည့်အချက်များ၊ ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်လုပ်ပြီးနောက် ဆက်လက်ဆောင်ရွက်ရမည့်အချက်များနှင့် ငလျင်သည် ကြိုတင်သတိပေးချက် မရရှိနိုင်သော ဘေးတစ်မျိုးဖြစ်သည့်အပြင် ပျက်စီးဆုံးရှုံးမှုများရှိနိုင်သောကြောင့် အထူးသတိထားဖို့လိုအပ်ကြောင်း စသည်တို့ကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးမှလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)