နွေရာသီ အားကစားအခြေခံသင်တန်းဆင်းပွဲကျင်းပ

အင်းတော် ဧပြီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားခဲ့သော နွေရာသီအားကစားအခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ယမန်နေ့နံနက် ၉ နာရီ အချိန်က အင်းတော်မြို့ အင်းမြသာယာ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်းတော်မြို့နယ်အနေဖြင့် နိုင်ငံအတွင်း လူငယ်လူရွယ်များကို စာရိတ္တကြံ့ခိုင်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သော အားကစားသမား လူကောင်းလူတော်လေးများ ပေါ်ထွက်လာစေရန်၊  လူငယ်များ အနေဖြင့် အားကစားနည်းအလိုက် နည်းစနစ်များ၊ ဥပဒေများ ကျွမ်းကျင်လိုက်နာမှုရှိစေရန်၊ ကျောင်းသားလူငယ်များအနေဖြင့် နွေရာသီအားလပ်ရက်များကို အကျိုးရှိစွာ အသုံးပြုနိုင်စေရန် ရည်ရွယ်လျက် နွေရာသီအားကစားသင်တန်းများကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ နွေရာသီအားကစားသင်တန်းအနေဖြင့် အားကစားနည်း(၈)မျိုးဖြစ်သည့် ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ပိုက်ကျော်ခြင်း၊ ပြေး-ခုန်-ပစ်၊ စားပွဲတင်တင်းနစ် အေရိုးဗစ်၊ ဝူရူးအားကစားနည်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း၊ အင်းတော်မြို့နယ်အနေဖြင့် ၂၀၂၂ ခုနှစ်အတွင်း အမျိုးသား U-16 ဘောလုံးမြန်မာ့လက်ရွေးစင်(၁)ဦး၊ တက္ကသိုလ် SEA Game မြန်မာ့လက်ရွေးစင် ဘောလုံးသမား (၁)ဦး၊ မြန်မာ့လက်ရွေးစင် ဘော်လီဘောသမား ( ၁ ) ဦး၊ နေပြည်တော် လူငယ်စခန်းတွင် အားကစားသမား (၃)ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံတွင် အားကစားသမား (၃)ဦး စစ်ကိုင်းတိုင်းဒေသကြီးလက်ရွေးစင် အားကစားသမား ( ၂၅ )ဦး၊ ကသာခရိုင် လက်ရွေးစင် အားကစားသမား ( ၁၃ ) ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ လူငယ်လူရွယ်များအနေဖြင့် မိမိတို့ မြို့နယ်အဆင့်မှစ၍ နိုင်ငံတော်က အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားမောင်မယ်များအဆင့်ထိ ရောက်အောင် ကြိုးစား အားထုတ်သွားကြရန် တိုက်တွန်းကြောင်း အင်းတော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ အင်းတော် မြို့နယ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ ဦးဖုန်ဂရိန်က ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားတွင် သင်တန်းဆင်းအားကစားသမားများအား မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌကအမှာစကားပြောကြားခဲ့ပြီး၊ သင်တန်းဆင်း အားကစားမောင်မယ်များအား သင်တန်းဆင်းဂုဏ်ပြုမှတ်တမ်းလွှာများကို တက်ရောက်လာကြသော တာဝန်ရှိပုဂ္ဂိုလ်များက အားကစားနည်းများအလိုက် အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက်အင်းတော်မြို့နယ် မြို့နယ်အားကစားမှူး ဒေါ်မြင့်မြင့်စန်းက သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ဆက်လက်ပေးအပ်ခဲ့သည်။ ၎င်းနောက် သင်တန်းဆင်းအားကစားမောင်မယ်များက အားကစားနည်းများအလိုက် သရုပ်ပြကစားခဲ့ကြပြီး၊ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

ကျော်သီဟ