ဘားအံ ဧပြီ ၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်) တွင် ပူးတွဲဖွင့်လှစ်မည့် မွေးမြူရေးဒီပလိုမာသင်တန်း ကျောင်းအတွက် အဆောက်အဦများနှင့် ကုန်ထုတ်လမ်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခန့်က အဆိုပါကျောင်း ၂ ထပ် စာသင်ဆောင်ရှေ့၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မွေးမြူရေးဒီပလိုမာသင်တန်းကျောင်းအတွက် အဆောက်အဦများနှင့် ကုန်ထုတ်လမ်းတို့ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးကြကာ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသော ဘင်ခရာ၊ ပန်းပွားအဖွဲ့နှင့် ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက စားရေရိက္ခာဖူလုံမှသာလျှင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး သာယာဝပြော လာမည်ဖြစ်သည့်အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေရာ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန် နည်းပညာများ၊ ရေမြေဒေသနှင့်ကိုက်ညီသည့် သုတေသနလုပ်ငန်းများ၊ နည်းစနစ်များကိုဖြန့်ဖြူးပေးနိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များစွာ မွေးထုတ်ပေးဖို့လိုကြောင်း၊ အရည်အချင်းပြည့်ဝသည့် အလယ်အလတ်အဆင့်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရှင်များစွာကို လေ့ကျင့်ပျိုးထောင်မွေးထုတ်ပေးနိုင်ရန်နှင့် မွေးမြူရေးဒီပလိုမာသင်တန်းအတွက် စာတွေ့လက်တွေ့လုပ်ငန်းများ ကျွမ်းကျင်စွာသင်ကြားပေးနိုင်ရေး ယခုကဲ့သို့ အဆောက်အဦများနှင့်ကုန်ထုတ်လမ်းတို့ကို တည်ဆောက်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)ကျောင်းအနေဖြင့်လည်းပညာရည်ပြည့်ဝသည့် ပြည်နယ်မှအားကိုး အားထားပြုရသော အလယ်အလတ်အဆင့် ပညာရှင်များစွာကို စဉ်ဆက်မပြတ်မွေးထုတ် ပေးနိုင်ပါစေကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးဇော်ဝမ်းက တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး နန်းအေးရိပ်ကုမ္ပဏီနှင့် တော်ဝင်ကရင်ကုမ္ပဏီမိသားစုမှ ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များအား လက်ရောက်ပေးအပ်သည်။
စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)တွင် ပူးတွဲဖွင့်လှစ်သည့် မွေးမြူရေးဒီပလိုမာသင်တန်းကျောင်းအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း (၁၇၀ပေ x ၃၆ပေ x ၂၂ ဒဿမ ၅ပေ) RCနှစ်ထပ် စာသင်ဆောင်တစ်ဆောင်၊ (၁၇၃ပေ x ၃၂ပေ x ၂၂ ဒဿမ ၅ပေ) RCနှစ်ထပ် ကျောင်းသား၊ ကျောင်းသူအိပ်ဆောင်တစ်ဆောင်၊ (၁၅၀ပေ x ၃၀ပေ x ၁၂ပေ) RC တစ်ထပ်လက်တွေ့ဆောင်၊ (၃၀ပေ x ၃၅ပေ x ၁၅ပေ) Mini Lab RC ၊ (၄၀ပေ x ၁၉ပေ x ၁၀ပေ) RC အစာဂိုဒေါင်၊ (၄၅ပေ x ၃၀ပေ x ၁၂ပေ) RC ခြံလုပ်သားအိမ်ရာ၊ (၄၅ပေ x ၂၄ပေ x ၁၀ပေ)Steel Structure ဝက်ခြံ၊ (၅၅ပေ x ၂၀ပေ x ၁၀ပေ) Steel Structure နွားခြံ၊ (၆၀ပေ x ၂၀ပေ x ၁၀ပေ) ဥစားကြက်ခြံ၊ မီးလိုင်း (၄၀၀) ဗို့ ၃၇၀၀ ပေဆွဲခြင်း၊ အဝိစီရေတွင်းတူးဖော်ခြင်း၊ (၃၆ပေ x ၂၇ပေ x ၁၅ပေ) ငါးသားဖောက်ရုံတည်ဆောက်ခြင်း၊ (၄၀ပေ x ၂၀ပေ x ၁၀ပေ) အသားတိုးကြက်ခြံနှင့် အရှည် ၃၁၆၀ ပေ အကျယ် ၁၄ ပေရှိ ကုန်ထုတ်လမ်းတို့ကို ဝေပုံမြကုမ္ပဏီအပါအဝင် ကုမ္ပဏီ ၁၂ ခုမှ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေကျပ် (၁၆၃၇ ဒဿမ ၂၁) သန်းဖြင့် တာဝန်ယူတည်ဆောက်ပြီးစီး၍ ယနေ့ဖွင့်လှစ်ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါ တည်ဆောက်ရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)