ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် သာယာဝတီမြို့နယ်တွင် စားရေရိက္ခာဖူလုံစေရေး တစ်သီးမှ နှစ်သီး၊ သုံးသီးတိုးမြှင့် စိုက်ပျိုးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

သာယာဝတီ ဧပြီ ၂

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ဝင်များသည် သာယာဝတီမြို့၊ ဈေးပိုင်းရပ်ကွက်၊ ဘူတာလမ်းရှိ ဆရာစံခန်းမ၌ ယနေ့နံနက်ပိုင်းက စားရေရိက္ခာဖူလုံစေရေး တစ်သီးမနှစ်သီး၊ သုံးသီး တိုးမြှင့်စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ကျင်းပခဲ့ရာ ညှိနှိုင်းအစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းမန်နေဂျာ ဦးစိုင်းသန်းအောင်နှင့်အဖွဲ့များ၊ သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဝင်း၊ နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ သာယာဝတီခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မာမာအောင်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ သာယာဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုစုပေါင်းအင်အား (၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြ​သည်။

ညှိနှိုင်းအစည်းအဝေးတွင် ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်နှင့်တကွ ဒေသတွင်း စားရေရိက္ခာဖူလုံစေရေးအတွက် နှစ်စဥ်တိုးတက်လာအောင် စုပေါင်းဝိုင်းဝန်း လုပ်ဆောင် စေလိုကြောင်း၊ အဓိကစိုက်ပျိုးထုတ်လုပ်နေသော တောင်သူများ၏ အခက်အခဲများကိုလည်း ကူညီဆောင်ရွက်နိုင်အောင် ပြုလုပ်ပေးရမည်ဖြစ်ကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် မိုးစပါး၊ နွေစပါးနှင့် ဆောင်းသီနှံသီးထပ်၊ သီးညှပ်များကို နှစ်စဥ်ပိုမိုထုတ်လုပ်နိုင်ရေး ရေရှည်စီမံကိန်း ချမှတ်ဆောင်ရွက်ကြရန် လမ်းညွှန်အဖွင့်အမှာစကား ပြောကြားခဲ့​သည်။

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန တိုင်းမန်နေဂျာ ဦးစိုင်းသန်းအောင်က တိုင်းဒေကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှုအရ နှစ်စဥ် သီးထပ်တစ်သီး၊ နှစ်သီး၊ သုံးသီးစား ဆောင်ရွက်နိုင်ရေးနှင့် ထပ်မံတို့ချဲ့စိုက်ပျိုးထုတ်လုပ်မည့် ခြေအနေများနှင့်စပ်လျဥ်း၍ ရှင်းလင်းတင်ပြပြီး ပြည်ခရိုင်၊ သာယာဝတီခရိုင်နှင့် နတ်တလင်းခရိုင်တို့မှ ခရိုင်အုပ်ချုပ်ရေးမှူးများက ဒေသတွင်း စားရေရိက္ခာ ဖူလုံစေရေးအတွက် တစ်သီးစား၊ နှစ်သီးစား၊ သုံးသီးစားများအား လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ခရိုင်အလိုက် ဆောင်ရွက်နေမှုများအား အသီးသီးတင်ပြကြရာ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး ဝန်ကြီချုပ်နှင့်အဖွဲ့သည် သုံးဆယ်မြို့၊ အလယ်ကုန်းရပ်ကွက်၊ တည်(၉)လမ်းရှိ(အမှတ်-၄၃၆)သန်းမိသားစုဆန်စက်လုပ်ငန်းရှင် ဦးတင်စိုး၏ ဆန်စက်သို့ စပါးအခြောက် ခံစက်နှင့်စပါးခွံမှ ဓာတ်အားထုတ်ယူမှု စနစ်တပ်ဆင်ထားမှု အခြေအနေများကို ကြည့်ရှုကာ လိုအပ်သည်များအား လမ်းညွန်မှာကြား ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)