ကန့်ဘလူ ဧပြီ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် သာသနာ့ဗိမာန်တော်၌ ၂၀၂၂ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူသော စာအောင်သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် ဂုဏ်ပြုဝတ္ထုငွေ ဆက်ကပ်လှူဒါန်း ခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပသည်။
ရှေးဦးစွာ ဆရာတော် သံဃာတော်များနှင့် ကြွရောက်ပူဇော်လာကြကုန်သော ဧည့်ပရိတ်သတ်တို့က နမောတဿ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တဣန္ဒောဘာသထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ ဆရာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္စျာယ်ချီးမြှင့် တော်မူသည့် မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် တာဝန်ရှိသူများက ကြီးကြပ်ရေးဆရာတော်ကြီး များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း စသည့် အစီအစဥ်အတိုင်း ဆောင်ရွက်ကာ မြို့ဦးရွာမ ပရိယတ္တိစာသင် တိုက်ကြီး၏ ဦးစီးပဓာန နာယက နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဆရာတော် ဘဒ္ဒန္တေတေဇိန္ဒသာရ (သာသနဓဇဓမ္မာစရိယ၊ မဟာသဒ္ဓမ္မဇောတိကဓ ဇ) က ဩဝါဒတရားဟောကြားတော်မူသည်။
ထို့နောက် ပါဠိပထမပြန်စာမေးပွဲ၌ ဖြေဆိုအောင်မြင်တော်မူကြသော စာအောင်သံဃာတော်များ နှင့်သီလရှင်များထံ စာအောင် လက်မှတ်နှင့် ဂုဏ်ပြုဝတ္ထုငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းပူဇော်ပြီး နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင် ဆရာတော်က လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချတရားချီးမြှင့်ဟောကြားကာ ဆရာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)