ပခုက္ကူ ဧပြီ ၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်၊ လေယာဉ်ကွင်းဟောင်း၌ (၈)ခန်းတွဲ(၅)ထပ် နိုင်ငံဝန်ထမ်းအငှားအိမ်ရာ အဆောက်အဦတစ်လုံးတည်ဆောက်မှုလုပ်ငန်းကို ၂၀၂၁ ခုနှစ် ၊ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာခိုင်နှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ်(၉၈၉)သန်းဖြင့် (၈)ခန်းတွဲ(၅)ထပ် နိုင်ငံဝန်ထမ်း အငှားအိမ်ရာ အဆောက်အဦတစ်လုံးကို တင်ဒါအောင်မြင်သည့် မန်းဧရာဝတီဆောက်လုပ်ရေးကုမ္ပဏီက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ပြီး တာဝန်ယူ အကောင်အထည်ဖော်တည်ဆောက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း တည်ဆောက်မှုလုပ်ငန်း ရာခိုင်နှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါအဆောက်အဦ၏ အကျယ်အဝန်းမှာ စတုရန်းပေပေါင်း (၃၃၈၂၂)ပေ ရှိပြီး တစ်ထပ်အတွင်း၌ အခန်းပေါင်း(၈)ခန်းပါရှိသည့်(၅)ထပ် အဆောက်အဦ တစ်လုံးဖြစ်ကြောင်း၊ တည်ဆောက်မှုလုပ်ငန်းများကို ၂၀၂၂-၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းစံချိန်စံညွှန်း အရည်အသွေးများနှင့် ကိုက်ညီစွာ အကောင် အထည်ဖော် တည်ဆောက်ပြီးစီးရေး ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မန်းဧရာဝတီဆောက်လုပ်ရေးကုမ္ပဏီမှ တည်ဆောက်ရေးတာဝန်ခံ အင်ဂျင်နီယာ ဦးတိုးကိုကိုဟန်က ပြောသည်။
ဘာမီသာ(ပခုက္ကူ)