မိုးညို ဧပြီ ၁
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် ရောက်ရှိခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက ကြိုဆိုခဲ့ကြသည်။
ဝန်ကြီးချုပ်သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းမှုအခြေအနေအား မေးမြန်ပြီး ဆီထွက်သီးနှံနေကြာ နှင့် အခြားဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးတို့အား မှာကြားခဲ့သည်။
ထို့နောက် ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ အထက(မိုးညို)သို့ သွားရောက်ခဲ့ရာ မြို့နယ်ပညာရေးမှူး ဦးကြည်လင်၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်စန်းစန်းထွေးနှင့် ဆရာ၊ ဆရာမများက ကြိုဆိုခဲ့ကြပြီး အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်မွမ်းမံသင်တန်း တက်ရောက်နေသည့် ဆရာ၊ ဆရာမများအား တွေ့ဆုံနှုတ်ဆက်၍ ကျောင်းဝန်းအတွင်း/ အပြင်တို့အား လှည့်လည် ကြည့်ရှုကာ လိုအပ်သည်များ ပြုပြင်ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ထိန်တောကျေးရွာရှိ တိုက်နယ်ဆေးရုံသို့ ရောက်ရှိရာ တိုက်နယ်ဆရာဝန် ဒေါက်တာ လွင်မိုးနှင့် ကျန်းမာရေးဝန်ထမ်းများက ကြိုဆိုခဲ့ပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြားကာ လက်ပံတန်းမြို့နယ်သို့ ဆက်လက် ထွက်ခွာခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)