ငဖဲ ဧပြီ ၁
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား/သူများ ဗလငါးတန်နှင့် ပြည့်စုံစေရန် ရည်ရွယ်ပြီး ပန်းထိမ်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)တွင် ယနေ့နံနက် ၉ နာရီအချိန်က လူငယ်စကားဝိုင်းကို ကျင်းပဆောင်ရွက်ခဲ့ရာ ဒုမြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပန်းထိမ်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမြင့်ဌေးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူးရုံးမှ ဒုမြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက ကျောင်းသား/ သူ လူငယ်လူရွယ်များ ဉာဏ်ပညာဗဟုသုတ ပိုမိုတိုးပွားစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ စကားပြော အတတ်ပညာ ကျွမ်းကျင် တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ မိမိဘဝဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားလိုစိတ်များ ဖြစ်ပေါ်လာရန် နှင့် လူငယ်အချင်းချင်းရင်းနှီး ချစ်ကြည်မှုများ တိုးပွားပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်းနှင့် တက်ရောက်လာသည့်ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ နားထောင်ကြရန် ရှင်းလင်း ပြောကြားသည်။
ထို့နောက် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက ကြားခံဆွေးနွေးသူအဖြစ်ဆောင်ရွက်ကာ ပန်းထိမ်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ) Grade-10 မှ မောင်အောင်ကိုကိုမောင်က လူငယ်နှင့်အားကစား၊ မောင်ရဲမင်းထွန်းက လူငယ်နှင့်နည်းပညာ ၊ Grade-11 မှ မောင်ရဲမင်းထက်က လူငယ်နှင့်စာပေ၊ မောင်ခိုင်ဝေထွန်းက လူငယ်နှင့် ပညာရေး၊ မသင်းနဒီဦးက လူငယ်နှင့်ကျန်းမာရေးနှင့် မသဲယုယုဟန်က လူငယ်နှင့် ယဉ်ကျေးမှု ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ကျောင်းသား/သူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားပေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)