ချောက် ဧပြီ ၁
၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ချောက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကောင်းမြတ်ဆန်းက ချောက်ခရိုင် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက် ပျော်ရွှင်စွာဖြင့် အစဥ်အလာမပျက် ကျင်းပပြုလုပ်နိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်၍ တာဝန်ရှိသူများအနေဖြင့် လုပ်ဆောင်ရမည့် တာဝန်များကို နားလည်ပြီး အချိန်မီပြီးစီးအောင် ကြိုတင်ပြင်ဆင်နိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဏ္ဍပ်ဆောက်လုပ်မည့် အခြေအနေများ၊ ဖျော်ဖြေရေးယိမ်းအကများနှင့် နှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်မည့် အစီအစဥ်၊ အသက် (၉၀)နှစ်အထက် သက်ကြီးဘိုးဘွားများ ကန်တော့ခံနိုင်ရေး သက်ကြီး ပူဇော်ပွဲ ဆောင်ရွက်မည့်အခြေအနေများအား မြို့နယ်ဦးစီးဆပ်ကော်မတီ၊ ဆပ်ကော်မတီအလိုက် တာဝန်ခွဲဝေချထားမှု၊ လုပ်ငန်း တာဝန်ပေးအပ်မှုများ ဆောင်ရွက်ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး တာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ကော်မတီဝင်များက ဆွေးနွေး တင်ပြကြသည်။ အစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ကျော်မိုး(ပြန်/ဆက်)