သာပေါင်း ဧပြီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကညင်ပင်ကျေးရွာ၌ ဆောင်းနေကြာ စံကွက်ရိတ်သိမ်းနေမှု အခြေအနေ အား ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကြည့်ရှု အားပေးခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လမ်းပန်းဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်း၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့် တိုင်းအဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ ရွှေကျားကုမ္ပဏီမှ တာဝန်ရှိသူများသည် ကညင်ပင်ကျေးရွာ၊ တောင်သူဒေါ်ထွေးရီ၏ ရေဆင်း(၁) စပ်မျိုးနေကြာ လယ်ယာမြေ(၉) ဧကထဲမှ (၀.၁၀)ဧက၊ စံကွက်ရိတ်သိမ်းရာ တစ်ဧက နေကြာအစို (၃၃.၇၂)တင်း ထွက်ရှိရာကို ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှုလုံလောက် စေရေးအတွက် ဦးစားပေးဆောင်ရွက်စေရေး၊ ရိတ်သိမ်းချိန် လေ့လွင့်မှုမရှိစေရေး၊ နေကြာ မျိုးကောင်းမျိုးသန့်များ တိုးချဲ့စိုက်ပျိုးနိုင်ရေးတို့ကို မှာကြားခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ကညင်ပင်ကျေးရွာ၊ မူလတန်းကျောင်း၌ ပညာရေး၊ ကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားပြီး မူလတန်းကျောင်းအုပ် ဆရာမကြီးနှင့် ဒေသခံပြည်သူများက လိုအပ်ချက်များ တင်ပြခဲ့ကြရာ ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ သည်။ ဆက်လက်၍ မကျီးကုန်းတိုက်နယ်ဆေးရုံသို့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ သွားရောက်၍ ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရေး ကြိုးစားဆောင်ရွက်ပေး ကြရန် မှာကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် ဒည်ကုန်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းများသို့ သွားရောက်၍ ဝန်ထမ်းများနှင့် ရင်းနှီးစွာ တွေ့ဆုံအားပေး စကားပြောကြားခဲ့ပြီး လိုအပ်ချက်များတင်ပြမှုအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဒည်ကုန်းကျေးရွာ ဇေယျာသီရိကျောင်း တိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာ ကိစ္စရပ်များတင်ပြ လျှောက် ထားပြီး နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အခြေခံပညာ အထက်တန်းကျောင်း (သာပေါင်း)၌ ကျင်းပနေသည့် အခြေခံပညာ မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်မွမ်းမံ သင်တန်းဆွေးနွေးပွဲသို့ တက်ရောက်တွေ့ဆုံ အားပေးအမှာစကားပြောကြားသည်။ ပြီးနောက် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်သက်နိုင်က ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ မြို့နယ်ပညာရေးမှူးက လက်ခံရယူခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အောင်တပ်စံပြကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တောင်သူ ဦးသန်းဝင်းနှင့် တောင်သူ ဒေါ်စန်းစန်းမော်တို့၏ လယ်မြေ (၄)ဧက၌ နွေစပါး(ပခမ်းရွှေဝါ)မျိုးစပါး စိုက်ပျိုးဖြစ်ထွန်း အောင်မြင်နေမှုနှင့် ဆိုလာရေတင်စနစ်ဖြင့် လယ်ဧကအတွင်း စိုက်ပျိုးရေသွင်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး စိုက်ပျိုးရေ စနစ်တကျသုံးစွဲစေရေး၊ သီးနှံပိုးမွှားများကျရောက်မှု မရှိစေရေးနှင့် တစ်ဧကအထွက်တိုးစေရေး အလေးထား ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရ သည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်