ကျောင်းကုန်းမြို့၌ သီးနှံနစ်နာကြေးငွေ (၄၆၅)သိန်းကျော် ပေးအပ်ပွဲသို့ သယံဇာတရေးရာဝန်ကြီး တက်ရောက်

ကျောင်းကုန်း မတ် ၃၀

စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ ညောင်တုန်း-သာပေါင်း ၁၀လက်မ×(၅၅)မိုင် ပိုက်လိုင်းလမ်းကြောင်းပြောင်း ဆက်သွယ်ခြင်း လုပ်ငန်း၌ တောင်သူများ၏ လယ်မြေသီးနှံများ မတော်တဆ ထိခိုက်ပျက်စီးသွားသဖြင့် သီးနှံနစ်နာကြေး ပေးအပ်ပွဲကို အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနရုံး၊ အေးချမ်းသာယာခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့် တက်ရောက်ခဲ့ပြီး၊ သဘာဝပိုက်လိုင်းကြီး ထိစပ်ရာကျေးရွာများမှ အုပ်ချုပ်ရေးမှူးများက မသမာသူများဖျက်ဆီးမှု မခံရအောင် ထိန်းသိမ်းစောင့်ရှောက်ပေးကြပါ၊ မိမိတို့ရဲ့ တိုင်း၊ခရိုင်၊မြို့နယ် သီးနှံအထွက်နှုန်း တိုးအောင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဒုတိယအင်ဂျင်နီယာချုပ် ဦးသိန်းထိုက် က ရန်ကုန်-ပုသိမ် ကားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းနှင့်မလွတ်ကင်းသော ညောင်တုန်း- သာပေါင်း ဓာတ်ငွေ့ပိုက်လိုင်း ပြောင်းရွှေ့ခြင်းလုပ်ငန်းတွင် ကျောင်းကုန်းမြို့နယ်အတွင်းမှ ကျေးရွာ အုပ်စု(၁၀)အုပ်စု ထိခိုက်သွားတဲ့အတွက် ယခုလိုနစ်နာကြေးပေးခြင်းဖြစ်ကြောင်းနှင့် မတော်တဆ ထိခိုက်ပျက်စီးသွားသော လယ်ယာမြေသီးနှံများ၏ တောင်သူ(၆၃)ဦးအား နစ်နာကြေးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အထွေထွေမန်နေဂျာ(ညောင်တုန်း)ဦးတင်မျိုးဦးမှ လှည်းဆိပ်‌ရွာသို့လည်းကောင်း၊ ဒုတိယအင်ဂျင်နီယာချုပ် ဦးသိန်းထိုက်မှ ဂုန်မင်းကျေးရွာသို့လည်းကောင်း၊ စီမံကိန်းမန်နေဂျာ ဦးမျိုးမြင့်မှ ကံကလေးကျေးရွာသို့လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစီုးဝင်းမှ ဗြိုက်ကြီးကျေးရွာသို့လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပြီး၊ ပသွယ်ချောင်း-ကံကလေး လမ်းဆုံ ၁၀လက်မ × ၂၀ မိုင် ပိုက်လိုင်း လမ်းကြောင်းပြောင်း ဆက်သွယ်ခြင်း လုပ်ငန်းတွင် ကျောင်းကုန်းမြို့နယ်အတွင်း ကျေးရွာအုပ်စု(၁၀)အုပ်စုမှ တောင်သူ(၆၃) ဦး တို့အား တာဝန်ရှိသူများက သီးနှံနစ်နာကြေးငွေကျပ် (၄၆၅)သိန်းကျော် ပေးအပ်ခဲ့ကြကြောင်း ညောင်တုန်း-သာပေါင်း ဓာတ်ငွေ့ပိုက်လိုင်း လမ်းကြောင်းပြောင်းဆက်သွယ်ခြင်းလုပ်ငန်း စီမံကိန်းမန်နေဂျာ ဦးဆွေဆက်ထံက သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)