ပခုက္ကူ မတ် ၃၁
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပခုက္ကူ)၌ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသော အမျိုးသမီးများအတွက် အဆင့်မြင့်စက်ချုပ်ပညာသင်တန်းများအပြင် အခြေခံလက်မှုပညာသင်တန်း၊ မု့န်လုပ်နည်းသင်တန်း၊ ဟင်းလျာချက်ပြုတ်နည်းသင်တန်းများကို နှစ်စဉ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့အထိအမျိုးသမီးငယ်သင်တန်းသူ (၃၂၉၀)ဦးကို သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း အဆိုပါကျောင်းထံက သိရသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်နှင့်မြို့နယ်အတွင်းရှိ ပြည်သူများအားလုံး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာရပ်များ ဖွင့်လှစ်သင်ကြားပေးခြင်းကြောင့် ကျေးလက်ဒေသအမျိုးသမီးများအနေဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများဖော်ဆောင်ကာ မိမိဘဝ၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် လက်တွေ့ကျကျပါဝင်ဆောင်ရွက်နိုင်ရေး၊ ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ တစ်ဦးချင်းဝင်ငွေတိုးပွားခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်ရေး၊ တတ်မြောက်ထားသော အတတ်ပညာများကို မှန်ကန်စွာအသုံးချ၍ မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းမှ သမာအာဇီဝကျစွာ ရှာဖွေနိုင်ရေးတို့အတွက် ရည်ရွယ်ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်း ကျောင်းတွင် အဆင့်မြင့်စက်ချုပ်ပညာသင်တန်းများအပြင် အခြေခံလက်မှုပညာသင်တန်း၊ မု့န်လုပ်နည်းသင်တန်း၊ ဟင်းလျာချက်ပြုတ်နည်းသင်တန်းများကို အခေါ်အဝေါ်၊ အကိုင်အတွယ်၊ အတွက်အချက်များမှစတင်ပြီး ကျွမ်းကျင်ပိုင်နိုင်စွာဆွဲတတ်၊ ချုပ်တတ်သော အဆင့်ရောက်သည်အထိ ကျေးလက်ဒေသမှ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသော အမျိုသမီးငယ်များကို နေထိုင်စားသောက်ရေးနှင့် သင်ထောက်ကူပစ္စည်းများအား စရိတ်ငြိမ်းဖြင့် စာတွေ့၊ လက်တွေ့စနစ်တကျသင်ကြားပေးလျက်ရှိပြီး သင်တန်းပြီးဆုံးပါက တစ်နိုင်တစ်ပိုင်လုပ်ကိုင်နိုင်ရန် အပ်ချုပ်စက်များ အရစ်ကျရောင်းချပေးခြင်း၊ သင်တန်းထူးချွန်ဆုရရှိသူများအား အပ်ချုပ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်နိုင်ရန် အပ်ချုပ်စက်တစ်လုံးစီ ဆုချီးမြှင့်ပေးအပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းတွင်းသင်တန်းများအပြင် ပြင်ပအသိပညာဗဟုသုတများတိုးပွားရရှိစေရန် လူကုန်မှုတားဆီးကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး၊ သတင်းအမှားအမှန်ခွဲခြားနိုင်ရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ၊ ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်လှစ်သင်ကြားခြင်းတို့ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပခုက္ကူ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်က ပြောပြသည်။
အဆိုပါသင်တန်းကျောင်းတွင် ၂၀၀၅ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အထိ အခြေခံအိမ်တွင်းမှု သင်တန်းတက်ရောက်ပြီးသူ ၁၉၅၄ဦး၊ အဆင့်မြင့်စက်ချုပ်သင်တန်းတက်ရောက်ပြီးသူ၇၆၀ဦး၊ ကြိမ်/ဝါးသင်တန်းတက်ရောက်ပြီးသူ တစ်ဦး၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းတက်ရောက်ပြီးသူ ၃၇၅ဦး၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းတက်ရောက်ပြီးသူ ၂၀၀ ဦး၊ စုစုပေါင်းသင်တန်းသူ ၃၂၉၀ဦးကို သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
(၃၄၀)