ပေါင်းတည် မတ် ၃၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ အခြေခံပန်းချီရေးဆွဲ နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးဆင့်က သင်တန်းဆင်းအမှာစကားပြောကြားရာ၌ ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းပိတ်ရက် အားလပ်ချိန်များကို အကျိုးရှိရှိအသုံးချပြီးသင်ယူခဲ့သည့် အခြေခံပန်းချီရေးဆွဲနည်းများကို အဆက်မပြတ်လေ့ကျင့်ကြရန်၊ လစဉ်ကျင်းပ ပေးလျက်ရှိသည့် ဆေးရောင်ခြယ်၊ ပန်းချီပြိုင်ပွဲများတွင် လာရောက်ယှဉ်ပြိုင်ကြရန် ပြောကြားပြီး သင်တန်းနည်းပြ ဆရာဦးဆန်းထွန်း(ကိုဇော်ပေါက်)က သင်တန်းသားများအနေဖြင့် သင်ပေးလိုက်သော ပန်းချီပညာဖန်တီးမှုအပေါ် အခြေခံပြီး အခြားအဆင့်ကို ဆင့်ပွားရွေးချယ်နိုင်ကြောင်း၊ များများ လေ့ကျင့်ခြင်း၊ စာဖတ်ခြင်း၊ ကဗျာဖတ်ခြင်း၊ ကိုယ်တိုင်တီထွင်ကြည့်ခြင်းဖြင့် တိုးတက် အောင်မြင်မှုရရှိနိုင်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက်သင်တန်းကာလအတွင်း သင်တန်းသား/သူများ၏ သင်ခန်းစာလက်ရာများထဲမှ အကောင်းဆုံးရေးဆွဲ လေ့ကျင့်သင်ယူခဲ့ကြသည့် မသွန်းဇေမီမီလှိုင်၊ မသက်မွန်ကျော်နှင့် မဟေမာန်အောင်တို့အား ဆုများကိုတာဝန်ရှိသူတို့က ပေးအပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဦးစီးမှူး ဒေါ်အေးအေးဆင့်က ပန်းချီသင်တန်းနည်းပြဆရာ ဦးဆန်းထွန်း (ကိုဇော်ပေါက်)အား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းကို မတ်လ ၁၀ ရက်နေ့မှ မတ် ၃၁ ရက်နေ့ထိ သင်ကြားပေးခဲ့ပြီး သင်တန်းသား/သူ ၃၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)