ပေါက်ခေါင်းမြို့နယ်တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်စပ်လျဥ်း၍ အသိပညာပေးဆွေးနွေး

ပေါက်ခေါင်း မတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်စပ်လျဥ်း၍ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ဦးစွာမြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးသူ‌မောင်က အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုနိုင်က အသင်းအဖွဲ့အစည်းများ ဖွဲ့စည်းထားရှိမှု အခြေအနေများနှင့် ပြောင်းလဲသွားသည့် အသင်းအဖွဲ့ဥပဒေများကို တာဝန်ရှိသူများ သိရှိစေရန် ယခုလိုအသိပညာပေး ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ အဆိုပါဆွေးနွေးပွဲတွင် အသင်းအဖွဲ့ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ၊ မှတ်ပုံတင် လျှောက်ထားရမည့် အသင်းအဖွဲ့များ၊ မှတ်ပုံတင်ခွင့်မရှိသော အသင်းအဖွဲ့များ၊ ဆောင်ရွက်နိုင်သည့်လုပ်ငန်းနယ်ပယ်၊ မှတ်ပုံတင်လျှောက်ထားရတွင် သတိပြုရမည့်အချက်များ၊ မှတ်ပုံတင်ခြင်းအတွက် ကာလသတ်မှတ်ချက်များ၊ အသင်းအဖွဲ့၏အခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ချက်နှင့်ပြစ်ဒဏ်များ၊ မှတ်ပုံတင်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များအကြောင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးဦးငြိမ်းချမ်းကိုက ပရိုဂျက်တာဖြင့် ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက်ဆွေးနွေးပြောကြားချက်အ‌ပေါ် သိရှိလိုသည်များကို သက်ဆိုင်ရာ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများကမေးမြန်းခဲ့ကြောင်းသိရသည်။ ဆွေးနွေးပွဲသို့ မြို့နယ်မှတ်ပုံတင်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့အစည်းများတွင် ဆောင်ရွက်နေကြသည့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)