မြဝတီမြို့ ဘုရင့်နောင်ဈေးကြီးတွင် စားသောက်ကုန်နှင့်ဆေးဝါးများ ကျန်းမာရေးနှင့် ညီညွတ်မှုရှိမရှိစစ်ဆေးခြင်းနှင့် ပလတ်စတစ်သုံးစွဲမှုလျော့ကျရေးအသိပညာပေးဆောင်ရွက်

မြဝတီ မတ် ၃၁

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ဘရင့်နောင်ဈေးကြီးတွင် ရောင်းချလျက်ရှိသည့် စားသောက်ကုန်များနှင့် ဆေးဝါးများ ကျန်းမာရေးနှင့် ညီညွတ်မှုရှိမရှိ စစ်ဆေးခြင်းနှင့် ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး အသိပညာပေးဆောင်ရွက်ခြင်းကိုယနေ့နံနက် ၈ နာရီက အဖွဲ့စုံဖြင့် ရှောင်တခင် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ဘုရင့်နောင်ဈေးကြီးအတွင်းအပြင်များတွင် ရောင်းချလျက်ရှိသည့် စတိုးဆိုင်များ၊ စားသောက်ဆိုင်များတွင် ပြည်သူလူထုသောက်သုံးနေသောဆေးဝါးများ ကျန်းမာရေးနှင့်ညီညွတ်မှုရှိမရှိ စစ်ဆေးခြင်း၊ တရုတ်မှလာသော စားသုံးရန်မသင့်သောမုန့်များ ရောင်းချမှုရှိမရှိ စစ်ဆေးခြင်းနှင့် အချိုမှုန့် စားသုံးမှုလျှော့ချရေး၊ ပလတ်စတစ်သုံးစွဲမှု လျှော့ချရေးတို့ကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အဖွဲ့စုံဖြင့် စစ်ဆေးရာတွင် မြဝတီခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးနိုင်မိုးကို၊ မြဝတီမြို့နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ခံ ဦးသာနိုင်စိုး၊ ခရိုင်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့်(၁) ဦးစိန်မြင့်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး (ဈေး)ဒေါ်ကေသီဆွေ၊ ဈေးတာဝန်ခံ ဦးမျိုးဇော်ဦးနှင့် တာဝန်ရှိသူများက လိုက်လံစစ်ဆေးခြင်းဖြစ် ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)