ပွင့်ဖြူ မတ် ၃၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခု ၂၀၂၃-၂၀၂၄ ခုနှစ် နွေသီးနှံ စိုက်ပျိုးရာသီ၌ တစ်မြို့နယ်လုံး နွေစပါးသီးနှံစိုက်ဧက ၂၉၆၁၈ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရကာဒေသခံတောင်သူများက နွေစပါးသီးနှံ လျာထားစိုက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် ယခု မတ်လဆန်းမှစတင်ပြီး မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးသီးနှံကို အားသွန်ခွန်စိုက် ကြိုးပမ်းစိုက်ပျိုး လုပ်ကိုင်လျက်ရှိကြောင်းနှင့် ယနေ့အထိ နွေစပါးသီးနှံ စိုက်ဧက ၁၄၃၂ ဧက စိုက်ပျိုးပြီးစီးသွား ပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းရှိ တောင်သူဦးကြီးများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့က စပြီး မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေများကို နွေစပါးစိုက်ပျိုးမည့် တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ လယ်ယာမြေစိုက်ခင်းများအရောက် စနစ် တကျ ဖြန့်ဝေပေးခဲ့သဖြင့် ဒေသခံတောင်သူများက ဆည်ရေရရှိသည့် အချိန်မှစတင်ကာ မိမိတို့၏ လယ်ယာမြေများကို နွေစပါးနှင့် အခြားနွေသီးနှံ လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် ကြိုတင်၍ ထယ်ရေးညက်အောင် ထွန်ယက်ပြုပြင်ခြင်းများဆောင်ရွက်ကာ မတ်လဆန်းတွင် နွေစပါး သီးနှံကို စတင်စိုက်ပျိုး လုပ်ကိုင်ခဲ့ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ နွေစပါးသီးနှံ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရန်၊ သီးနှံအထွက်နှုန်း တိုးတက်မြင့်မားလာစေရန်နှင့် တောင်သူများသီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းဖြင့် နွေစပါးသီးနှံဧက တစ်သောင်းခွဲ စိုက်ပျိုးထုတ်လုပ်နိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရပြီး ဒေသခံတောင်သူများ နွေစပါးသီးနှံစိုက်ပျိုးရာ၌ အဆင်ပြေစေရန်အတွက် နွေစပါးစိုက်ပျိုးမှု တစ်ဧကလျှင် စိုက်ပျိုး စရိတ်နှင့် သွင်းအားစုပစ္စည်းဖိုး ငွေကျပ်နှစ်သိန်းနှုန်းထောက်ပံ့ပြီး စိုက်ပျိုးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင် မဲဇလီရေလွှဲဆည်ရေဖြင့် တစ်မြို့နယ်လုံး နွေစပါးသီးနှံစိုက်ပျိုးမှုအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းဖြင့် စိုက်ပျိုးမည့် နွေစပါးသီးနှံစိုက်ဧက ၁၅၀၀၀ အပါအဝင် စုစုပေါင်း နွေစပါးသီးနှံစိုက်ဧက ၂၉၆၁၈ ဧက စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ရာ ယနေ့အထိ နိုင်ငံစီးပွား မြှင့်တင်ရေးရန်ပုံငွေစီမံကိန်းဖြင့် နွေစပါးစိုက်ဧက ၁၃၉၂ ဧကနှင့် ပုံမှန်နွေစပါးစိုက်ဧက ၄၀ ဧက၊ စုစုပေါင်း နွေစပါးစိုက်ဧက ၁၄၃၂ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )