နတ်တလင်းမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး

နတ်တလင်း မတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးသုံးစွဲမှုစနစ်တကျရှိစေရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းကို အပတ်စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်အတွင်းရှိ နေအိမ်များအား တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့သည်။

နတ်တလင်းမြို့နယ် မီးသတ်ဦးစီးဌာန လက်ထောက်မီးသတ်ဦးစီးမှူး ဦး​နေမျိုးအောင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ရပ်ကွက်အတွင်းရှိ နေအိမ်များ၌ မီးဘေးကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက် ထားရှိမှူများ၊  မီးဖိုများအား လုံခြုံစိတ်ချရသော အကာအရံများဖြင့် အသုံးပြုစေရေး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများ အဆင်သင့် ဆောင်ရွက်ထားရှိမှုများနှင့် လျှပ်စစ်မီးသုံးစွဲရာတွင်လည်း စနစ်တကျသုံးစွဲစေရေးတို့ကို စစ်ဆေးခဲ့ကြပြီး မီးကြွင်းမီးကျန်များမရှိစေရေး၊ မီးအသုံးပြုနေချိန်တွင် လူအမြဲရှိနေစေရေး၊ သတ်မှတ်ချိန်အတွင်း၌သာ မီးကိုစနစ်တကျသုံးစွဲကြရန်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်များအား လိုက်နာဆောင်ရွက်ကြရန်တို့ကို အသိပညာပေးဟောပြောခဲ့ကြသည်။

မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်များအား ရပ်ကွက်ကျေးရွာများတွင် အသံချဲ့စက်ဖြင့် အပတ်စဉ်လိုက်လံ အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ ဆက်)