ပွင့်ဖြူမြို့၌  ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ကြီးကြပ်ဆရာတော်များနှင့် စာဖြေသံဃာတော်၊ သီလရှင်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ပွင့်ဖြူ မတ်   ၃၁

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲကို မတ် ၂၈ ရက်နေ့ကစပြီး ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်ရှိ ရွှေစေတီဘုန်း တော်ကြီးကျောင်းတိုက် ဓမ္မာရုံ၌ ဖြေဆိုကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက စာမေးပွဲကြီးကြပ်ဆရာ တော်ကြီးများနှင့် စာဖြေသံဃာတော်၊ သီလရှင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများက နေ့ဆွမ်းနှင့် သစ်သီးအချိုပွဲများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌနှင့် ဆရာတော်ကြီးများ၏ ကြီးကြပ်မှုဖြင့် မတ် ၂၈ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး ယနေ့ စာမေးပွဲ စတုတ္ထနေ့အဖြစ် ဖြေဆိုကျင်းပရာတွင်  ပထမကြီး၊ ပထမလတ်၊ ပထမငယ်နှင့် အခြေပြုမူလတန်း စသည့် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၂၂ ပါး ကြွရောက်ဖြေဆိုခဲ့ပြီး ဖြေဆိုရန် ပျက်ကွက် သည့် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၆ ပါး ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲအား ကြွရောက်ဖြေဆိုကြသည့် ရဟန်း၊ သာမဏေနှင့် သီလရှင်များကို စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက်  မြို့နယ်သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌနှင့် ဆရာတော်ကြီးများ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် စေတနာအလှူရှင်များက ဆွမ်းဝေယျာဝစ္စနှင့် စားသောက်ဖွယ်ရာ အချိုပွဲများနေ့အလိုက် ဆက်ကပ်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )